စိတ်ဖိစီးမှု ဆိုသည်မှာ
စိတ်ဖိစီးမှုဖြစ်သည်မှာ ပုံမှန်ဖြစ်သည်။ ပြင်ပမှ လှုံ့ဆော်မှု ရှိလျှင် မိမိကိုယ်ကို မိမိကာကွယ် နိုင်ရန် ခန္ဓာကိုယ်မှ တုံ့ပြန်သည်၊ ထိုသို့သော တုံ့ပြန်မှုကို တစ်နည်းအားဖြင့် ဖိစီးမှုဟု ခေါ်သည်။ ခန္ဓာကိုယ်သည် ပါတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိစေရန် အစဉ် ညှိနှိုင်း နေရသည်။ ကိုယ်စိတ်ညီမျှမှုကို ခြိမ်းခြောက်လာသည့်အခါ ကျွန်ုပ်တို့က တုန့်ပြန်သည်။ ထိုသို့သော လုပ်ဆောင်ချက်ကို တိုက်ခိုက်ခြင်း သို့မဟုတ် ရှောင်ပြေးခြင်း တုန့်ပြန်ချက် ဟုခေါ်သည်။ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ရန် သို့မဟုတ် ထွက်ပြေးနိုင်ရန် ပြင်ဆင်သည်။ ခေတ်ပေါ် စိတ်ဖိစီးမှုများကို တိုက်ခိုက်ခြင်း သို့မဟုတ်ရှောင်ပြေးခြင်းဖြင့် မပြီးမြောက်နိုင်ချေ။ ကျွန်ုပ်တို့၏ စိတ်ဖိစီးမှု အတွေ့အကြုံများသည် အဖြစ်အပျက်တစ်ခုကို မည်ကဲ့သို့ တုန့်ပြန်မည် ဆိုသည်နှင့် ဆက်နွယ်လေ့ ရှိသည်။
စိတ်ဖိစီးမှု ပြင်းထန်စွာ ခံစားနေရသူကို မည်ကဲ့သို့ သိနိုင်မည်နည်း။
စိတ်ဖိစီးမှုသည် နှစ်လိုဖွယ်ရာ မရှိသော အတွေ့အကြုံနှင့် နေထိုင်ရသည့် အနေအထား တို့မှ ဖြစ်ပေါ်လာသည်။ လူ၏ စိတ်နှင့် ခန္ဓာကိုယ်ကို အနှောက်အယှက် ပြုသည်။ စိတ်ဖိစီးမှုကြောင့် စိတ်ဆင်းရဲရသည်။ အကျိုးရှိသော အလုပ်တို့ကို မလုပ်နိုင်ဖြစ်ရသည်။ စိတ်ဖိစီးမှုကို မည်သူအလွန် ခံစားနေရသည်ကို သိရှိရန်လိုအပ်သည်။
စိတ်ဖိစီးမှု ခံစားနေရသူသည် စိတ်ဖိစီးမှု၏ လက္ခဏာကို တင်ပြလေ့ မရှိပေ။ ၄င်းအစား တစ်ခြားသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြသနာကို တင်ပြလေ့ရှိသည်။ ထို့အပြင် ဝေဒနာသည် ဆေးကုသမှု လိုအပ်သည်အထိ ဖြစ်ပေါ်လာနိုင်သည်။
ရုပ်လက္ခဏာများ
တစ်ခြားသော ရောဂါများကြောင့်လည်း အလားတူ ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ဆရာဝန်၊ ဆေးမှုးများအနေနှင့် ခန္ဓာတွင်း ရောဂါရှိမရှိကို ဦးစွာ စစ်ဆေးသင့်သည်။ သို့သော်လည်းမှတ်သားသင့်သည်မှာ စိတ်နှင့် ခန္ဓာကို ခွဲခြားသတ်မှတ်ခြင်း မဖြစ်နိုင်ပေ။ အောက်ဖော်ပြပါ လက္ခဏာများသည် စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သလို စိတ်ဖိစီးမှုကြောင့်လည်း ပိုမို ဆိုးဝါးစေနိုင်သည်။
- အိပ်မပျော်ခြင်း
- ခါး၊ ပုခုံး၊ လည်ပင်းနာခြင်း၊ အကြောတက်ခြင်း
- စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း
- အစာအိမ်နာခြင်း၊ အစာချေရည်ထွက်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း
- ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း
- ကိုယ်အလေးချိန်တိုးခြင်း၊ လျော့ကျခြင်း၊ အစားအသောက် ပုံမမှန်ခြင်း
- ဆံပင်ကျွတ်ခြင်း
- ကြွက်သားများ တင်းမာခြင်း
- ခွန်အားလျော့ခြင်း
- သွေးတိုးခြင်း
- နှလုံးခုန် ပုံမမှန်ခြင်း၊ ရင်တုန်ခြင်း
- ပန်းနာ ရင်ကြပ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ခြေဖျားလက်ဖျား ချွေးစေးပြန်ခြင်း
- ခြေလက်များ အေးစက်ခြင်း
- မျိုးဆက်ပွား ပြသနာများ
- ခုခံအား လျော့နည်းစဉ် ဖြစ်သော ပြသနာများ၊ အအေးမိ၊ တုပ်ကွေးရောဂါများ
စိတ်လက္ခဏာများ
ရုပ်လက္ခဏာများကဲ့သို့ စိုးရိမ်ပူပန်ခြင်း၊ အစရှိသည့် စိတ်လက္ခဏာများသည်လည်း စိတ်ဖိစီးမှု ပြသနာကို ဖုံးကွယ်နိုင်သည်။ စိတ်လက္ခဏာများကို စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားခြင်း ဟုတ်မဟုတ် ဆန်းစစ်ရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ စိတ်ဝေဒနာ များသည် ခံရခက်ပြီး လုပ်ဆောင်နိုင်စွမ်းရည်၊ ကိုယ်ခန္ဓာ ကျန်းမာရေး၊ လူမှုဆက်ဆံရေး တို့ကို လျော့ကျစေနိုင်သည်။
- စိတ်လှုပ်ရှားခြင်း၊ စိတ်ပူခြင်း
- စိတ်ဓါတ်ကျခြင်း၊ စိတ်မကြည်လင်ခြင်း
- ဒေါသဖြစ်လွယ်ခြင်း၊ အာရုံရှုပ်ခြင်း
- မှတ်ဥာဏ်အားလျော့နည်းခြင်း
- အာရုံမစူးစိုက်နိုင်ခြင်း
- ရှင်းလင်းစွာ မတွေးခေါ်နိုင်ခြင်း
- စိတ်မထိန်းနိုင်ခြင်း
- မူးယစ်ဆေးသုံးခြင်း
- ကြောက်ရွံ့ခြင်း
- လိုအပ်သည်ထက် ပိုမိုတုန့်ပြန်ခြင်း
လူမှုဆက်ဆံရေး လက္ခဏာများ
စိတ်ဖိစီးလွန်းသည့် အချိန်တွင် လူဝင်မဆန့် ဖြစ်တတ်သည်။ ထိုအခါ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် အပြင် သူစိမ်းများနှင့်ပါ ဆက်ဆံရေး ပျက်ပြားတတ်သည်။ လူတစ်ယောက် စိတ်ဖိစီးလာသည့်အခါတွင် အောက်ပါလက္ခဏာများ ပြသလေ့ ရှိတတ်သည်။
- အငြင်းအခုန် သန်ခြင်း
- လူမှုလုပ်ငန်းများမှ ဝေးကွာခြင်း
- အိမ်တွင်း၊ လုပ်ငန်းခွင်အတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ခြင်း
- လိုအပ်သည်ထက် ပိုမို တုန့်ပြန်ခြင်း
- လုပ်ရှားမှုနှေးကွေးခြင်း၊ အင်အားချိနဲ့သကဲ့သို့ ဖြစ်ခြင်း
စိတ်ဖိစီးမှုကို ရင်ဆိုင်ခြင်း
လူတစ်ဦးတစ်ယောက်၏ အမူအကျင့်သည်လည်း စိတ်ဖိစီးမှုကို များပြားစေနိုင်သလို လျော့နည်း စေနိုင်သည်။ အောက်ဖော်ပြပါ ရိုးစင်းသော အကြံငယ်များ၊ အကြောပြေလျော့ စေနိုင်သော နည်းများသည် စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါသည်။ လူတို့၏ အမူအကျင့်တို့ကို အောက်ပါအချက်များကြောင့် ပြောင်းလဲရန် အားပေးသင့်သည်။
- ညဘက်တွင် ပုံမှန်အိပ်ချိန် ရရှိရန်၊ နေ့အခါတွင် အကျိုးရှိပြီး နှစ်သက်ဖွယ်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်
- စိတ်ဖိစီးမှုကို ရင်ဆိုင်ရန် ကောင်းမွန်သော နည်းလမ်းရှာဖွေရန်
- စိတ်ဖိစီးမှုကို ရင်ဆိုင်သည့်အခါ အန္တရာယ်ရှိသော နည်းလမ်းများကို ရပ်တန့်ရန်
စိတ်ဖိစီးမှု ခံစားနေရသူများ အနေဖြင့် စိတ်လျော့လိုက်ရန် ခက်ခဲသည်ဟု ထင်မြင်ကြသည်။ ထို့အတွက်ကြောင့် သူတို့ကို အထူးပြေလျော့စေသည့် လေ့ကျင့်ခန်း များကို သင်ကြားပေးသင့်သည်။
အကြောပြေလျော့စေသည့် လေ့ကျင့်ခန်းများ
- အထူးသဖြင့် တိတ်ဆိတ်သော နေရာရှိ ကြမ်းပြင်ပေါ်တွင် သက်တောင့်သက်သာရှိစွာ ထိုင်ပါ
- မျက်စိတ်ကိုမှိတ်လိုက်ပါ
- အသက်ကို နှာခေါင်းဖြင့် သက်သာစွာ ရှုပါ
- သင့်အာရုံကို သင့်ကြွက်သားများအပေါ်တွင် ထားရှိပါ။ သင်အသက်ရှုလိုက်တိုင်း ကြွက်သားများ ပြေလျော့သွားသည်ကို သတိပြုမိလာပါလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းကို နှစ်မိနစ် သုံးမိနစ်ခန့် ပြုလုပ်ပါ။
- အသက်ရှုလိုက်တိုင်း သင်ခွန်အားပြည့်ဝပြီး ကျန်းမာလာသည်ဟု မှတ်ယူပါ။ သင် အသက်ရှုထုတ်လိုက်တိုင်း သင့်တင်းကြပ်မှုများ၊ စိတ်ဖိစီးမှုများ ထုတ်လိုက်နိုင်သည်ဟု မှတ်ယူပါ။ ထိုသို့ပြုလုပ်ခြင်းကို နှစ်မိနစ် သုံးမိနစ်ခန့် ပြုလုပ်ပါ။
- ယခုတစ်ဖန် သင်ယခင်က သွားရောက်ဖူးသော သာယာလှပသော နေရာများကို သတိရပါ။ သင်ထိုနေရာများသို့ ရောက်ရှိနေသည်ဟု မှတ်ယူပါ။ သင့်စိတ်ကို ထိုနေရာများတွင် သက်တောင့်သက်သာ အနားယူနေပါစေ။
- တစ်ခြားအတွေးများ သင့်အာရုံအတွင်းသို့ ၀င်ရောက်လာသည့်အခါ ထိုအတွေးများ ၀င်လိုက်ထွက်လိုက် ဖြစ်နေသည်ကို ကြည့်ရှုပါ။ ထိုကဲ့သို့သော အတွေးများ သူတို့ဘာသာသူတို့ ၀င်ထွက်နေသည်ကို သတိပြုမိပါလိမ့်မည်။ စိုးရိမ်မှုများ၊ မကောင်းသော အတွေးများပင်လျှင် သင်က ဆက်လက် တွေးတောမနေပါက အလိုအလျောက် ပြန်ထွက်သွားပါလိမ့်မည်။
- သင်သည် အေးချမ်းသောနေရာတွင် နှစ်ခြိုက်စွာ အနားယူနေပါသည်။ ထိုအခြေအနေ မည်ကဲ့သို့ ရှိသည်၊ မည်ကဲ့သို့ ခံစားနေရသည်ကိုသာ သတိရပါ။ အခြားသော အတွေးများ သင့်အာရုံ အပေါ်ယံတွင်သာ ၀င်ထွက်နေပါစေ။
- ဆယ်မိနစ်ခန့် ရှိသောအခါ ထိုသာယာ အေးချမ်းသော နေရာကို နှုတ်ဆက်လိုက်ပါ၊ သင်ထိုနေရာကို နောက်တစ်ခေါက် ပြန်ရောက်မည်ကို အမှတ်ရပါ။
- အသက်၀၀ ရှုလိုက်ပါ၊ ထို့နောက်တွင် မျက်လုံးများကို ပြန်ဖွင့်ပါ။
ထိုလေ့ကျင့်ခန်းကို သင်နှစ်သက်သလောက် ပြုလုပ်ပါ။ တစ်နေ့တစ်ကြိမ် အနည်းဆုံးပြုလုပ်ပါ။
အသက်ရှုခြင်း ပြသနာ
တစ်ချို့သောသူများသည် အဆုတ်၊ နှလုံးတို့တွင် မည်သည့်ရောဂါမျှ မရှိသော်လည်း အသက်ရှု မ၀ဟု ဆိုတတ်ကြသည်။ သူတို့သည် စိတ်ပူတတ်ကြသည်၊ မူးမေ့လဲ တတ်သည်။ ခြေ၊ လက်၊ နှုတ်ခမ်းတို့တွင် ထုံကျင်သည်ကို ခံစားရသည်။ သူတို့၏ ရင်ကို စည်းကြပ်ထား သကဲ့သို့ ခံစားရတတ်သည်။ ခေါင်းမူးတတ်သည်၊ အသက် ပြင်းပြင်း ထန်ထန် ရှုလျှင်၊ သို့မဟုတ် အသက်ရှု ပုံမမှန်လျှင် ထိုကဲ့သို့သော ဝေဒနာ ခံစားရတတ်သည်။
အသက်ရှု လေ့ကျင့်ခန်း
အရိုးရှင်းဆုံး အနေဖြင့် ၂ မျိုးလုပ်ဆောင်နိုင်သည်။
- အသက်ကို ဖြေးဖြေးနှင့် ၀၀ ရှုပါ (အတင်း မရှုပါနှင့်)။ အသက် တစ်ခါနှင့် တစ်ခါ ရှု သည့်အကြားတွင် ခဏနားပေးပါ။
- အသက်ကို ၀မ်းဗိုက်၊ ရင်ဝမ်းခြား ကြွက်သားကို အသုံးပြုပြီး ရှုပါ။ ရင်ဘတ်၊ နံရိုးနှင့် မရှုပါနှင့်။
ကိုယ်ကာယ လေ့ကျင့်ခန်း
ကိုယ်ကာယ လေ့ကျင့်ခန်းသည် ကျန်းမာရေး ကောင်းမွန်စေရန် အတွက် လိုအပ်သကဲ့သို့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်သည်။ တစ်စုံ တစ်ဦးသည် ဥပမာ ခရီးဝေး တစ်ခု အပြီးတွင် အလွန်နွမ်းနယ် နေသော်လည်း လေ့ကျင့်ခန်း အနည်းငယ်ကို ပြုသင့်ပါသည်။ လမ်းလျှောက်ခြင်းသည် အလွန်ကောင်းသော လေ့ကျင့်ခန်း တစ်ခုဖြစ်သည်။ အထူးသဖြင့် အသက် ၄၅ နှစ်အထက်နှင့် ကျန်းမာရေး မကောင်းသူများနှင့် အထူးသင့်လျော်သည်။ အသက်ငယ်ရွယ်သူများအနေဖြင့် ပိုမိုတက်ကြွသော လေ့ကျင့်ခန်းများ ဥပမာ ရေကူး၊ ဘောလုံးကန်၊ ကာယလေ့ကျင့်ခန်း၊ အေရိုးဘစ်လေ့ကျင့်ခန်း အစရှိသဖြင့် အခြေအနေနှင့် ကိုက်ညီသော အားကစား နည်းများကို ပြုလုပ်သင့်သည်။
ကောင်းမွန်စွာ အိပ်စက်ခြင်း
ပုံမှန်အိပ်စက်ခြင်းသည် စိတ်ဖိစီးမှုကို တားဆီးရန် သာမက ရင်ဆိုင်နိုင်ရန် အတွက် အရေးပါသည်။ ပုံမှန်အိပ်စက် အနားယူခြင်းသည် ကျန်းမာအောင် နေထိုင်ခြင်းလည်း ဖြစ်သည်။ ခန္ဓာကိုယ်၏ အိပ်စက်ခြင်း၊ နိုးထခြင်း တို့သည် နေ့ညပုံမှန် ဖြစ်နေရန် လိုအပ်ပါသည်။
လူမှုရေး လုပ်ငန်းများ
တစ်ချို့သော လူမှုရေးလုပ်ငန်းများသည် စိတ်ဖိစီးမှုကို သက်သာစေနိုင်သည်။ ဂီတ၊ ကခုန်ခြင်း၊ တေးသီချင်းများ သီဆိုခြင်း၊ ပွဲလမ်းသဘင် ဆင်နွှဲခြင်း၊ အားကစား လုပ်ဆောင်ခြင်းတို့ ပါဝင်သည်။ ထိုကဲ့သို့သော လုပ်ငန်းစဉ်များသည် လူထုကို အချင်းချင်း စုဝေးစေသည်။ အတူတကွ ပျော်ရွှင်စေနိုင်သည်။ နေထိုင်မှု အဆင့်အတန်း နိမ့်ကျနေခြင်းနှင့် အခြားသော ၀မ်းနည်းဖွယ်ရာများ အခြေအနေများ ရှိနေနိုင်သော်လည်း ယခုကဲ့သို့ လူမှုရေး လုပ်ငန်းများကို အားပေးသင့်သည်။ မည်သူမျှ ကြာမြင့်စွာ ၀မ်းနည်း မနေသင့်ပေ။ အတူတကွ ပျော်ရွှင်နိုင်သော ၀မ်းနည်းဖွယ်ရာများကို မျှဝေနိုင်သော သူများနှင့် တွေ့ရှိခြင်းသည် စိတ်ဖိစီးမှုကို လျော့ချရာတွင် အသုံးတည့်လှပေသည်။ လူများကို သူတို့၏ ဘ၀အခက်အခဲ ကြုံနေရချိန်တွင် ရင်ဆိုင်နိုင်စေသည်။
စိတ်ဖိစီးမှုဖြင့် နှစ်ရှည်လများ နေထိုင်ခြင်းသည် စိတ်ကျန်းမာရေး အပေါ်သက်ရောက်မှု ရှိသည်။ ကျန်းမာရေး လုပ်သားများ လူမှုရေး လုပ်ဆောင်သူများအနေဖြင့် စိတ်ဖိစီးမှု ခံစားနေရသူများကို ရိုးစင်းသော အနားယူ ဖြေလျော့မှုများ အသက်ရှုလုပ်ငန်းများကို လုပ်ဆောင်စေသင့်သည်။ ပထမပိုင်း စမ်းသပ်ကာလတွင် မိမိမှ လူထုကို လမ်းပြပါက နောက်ပိုင်းတွင် သူတို့၏ ရပ်ကွက် အတွင်း နေထိုင်ရာဒေသတွင် ဆက်လက် လုပ်ဆောင်သွားနိုင်လိမ့်မည် ဖြစ်ပါသည်။ ။
/ဒီတစ်လော အတွင်းမှာ ကျနော်လဲ စိတ်ဖိစီးမှုတွေ တော်တော်လေး များနေတာကြောင့်
ပို့စ်အသစ်တွေရေးဖို့ ဘယ်လိုမှ အာရုံစူးစိုက်လို့ မရဖြစ်နေပါတယ်။
အဲဒါကြောင့်မို့ စာအုပ်ပုံ မွှေပြီး စာတွေပဲ လှိမ့်ဖတ်နေလိုက်ပါတယ်။ အခု ဒီပို့စ်ကို
၂၀၀၅ ခုနှစ် ဇွန်လထုတ် ကျန်းမာရေး စေတမန် (Health messenger) မဂ္ဂဇင်း အမှတ် ၂၈ မှ
ထုတ်နှုတ် ဝေမျှထားခြင်း ဖြစ်ပါတယ်။
စိတ်ဖိစီးမှု ဒဏ်မှ ကင်းဝေး နိုင်ကြပါစေဗျာ……………………/
1 comment:
ခုတလော ကိုယ်လဲ...စိတ်ဖိစီးမှုများနေတာ။
လာဖတ်သွားတယ်နော်။ အဆင်ပြေပါစေ။
Post a Comment