ကျနော်တို့ရဲ့ ဗီယက်နမ်နိုင်ငံ မတည်ငြိမ်တော့ဘူးဆိုတော့ နိုင်ငံသားတွေကလဲ နေရာသစ် ရှာကြတော့တာပေါ့။ လူအများစုကတော့ ပင်လယ်ခရီးလမ်းကို ကျွမ်းကျွမ်းကျင်ကျင် သွားနိုင်တဲ့သူကို ရှာပြီးတော့ ပင်လယ်ကနေ တဆင့် ထိုင်းနိုင်ငံကို ခိုလှုံကြပါတယ်။ ဒီလို အခြေအနေမျိုးမှာတောင် အချို့သောသူတွေက လှေတွေ ပြုလုပ်ပြီးတော့ စီးပွားရှာကြပါတယ်။ လှေရောင်းတဲ့ သူတွေအပြင် နောက်ထပ် စီးပွားဖြစ်ကြတဲ့ သူတွေကတော့ ပင်လယ်ခရီးကို ကောင်းကောင်းမွန်မွန် လမ်းပြနိုင်တဲ့သူတွေပါ။ ကျနော့် အဖေက ရေတပ်မှာ နှစ်ဆယ့်ငါးနှစ်ကြာအောင် တာဝန် ထမ်းဆောင်ခဲ့တယ်ဆိုတော့ အဖေ့ကို ပင်လယ်ခရီး လမ်းပြ အဖြစ်လာကမ်းလှမ်းတဲ့သူတွေလည်း မနည်းပါဘူး။ တချို့တွေကလဲ ငွေပေးမယ်၊ တချို့တွေကလဲ ထိုင်းနိုင်ငံသား မှတ်ပုံတင် အတု လုပ်ပေးမယ်၊ အမျိုးမျိုးပေါ့ဗျာ။ ဗီယက်ကောင်းတွေကလည်း ထွက်ပြေးမယ်လို့ထင်တဲ့လူတွေကို လိုက်ရှာပါတယ်။ တွေ့တယ်ဆိုရင်တော့ သူတို့ဆီက ငွေတွေ၊ လှေတွေကို သိမ်းပါတော့တယ်။
တရက်မှာတော့ ကျနော်တို့ နဲ့အတူ ခရီးသွားမယ့် အဆက်အသွယ်တွေကို အဖေ ရှာတွေ့လာပါတယ်။ အဲဒီအချိန်တုန်းက အဖေ့ဆီကို လာတဲ့သူတွေ အများစုက ဆင်းရဲသား လူတန်းစားတွေပါ။ အဆက်အသွယ်တွေ ရလာတာနဲ့ ခရီးထွက်ဖို့ လိုအပ်တာတွေကို အဖေ စုဆောင်းပါတော့တယ်။
မြေပုံတွေ ၀ယ်တယ်၊ သံလိုက်အိမ်မြှောင် တွေရှာတယ်၊ ပြီးတော့ ကျနော်တို့ကို သယ်ဆောင်သွားမယ့် လှေရဲ့ အင်ဂျင် တွေကို စစ်ဆေးပါတယ်။ လူပေါင်း ငါးဆယ့်လေးယောက်ကို တင်ဆောင်ထားတဲ့ ဆယ့်နှစ်ပေအရှည် လှေကလေးဟာ ဗီယက်နမ်ကို ကျောခိုင်းပြီး ခရီးနှင်နေပါတယ်။ လဲလျောင်းဖို့ နေနေသာသာ ကျနော်တို့ လှုပ်တောင်မှ မလှုပ်နိုင်ပါဘူး။ ကျနော့်ရဲ့ဒူးနှစ်ဖက်ကို မျက်နှာနဲ့ ကပ်ထားပြီးတော့ ကွေးကွေးလေးနဲ့ လိုက်ပါရပါတယ်။ ကျနော်တို့ လှေထဲမှာ အများစုကတော့ ယောင်္ကျားကြီးတွေပါ။ အမျိုးသမီး တချို့နဲ့ ကလေး တစ်သိုက် ပါဝင်ပါတယ်။ ကလေးတွေ ဆိုပေမယ့်လဲ နှစ်ဆယ် ပါတ်ဝန်းကျင်တွေပါ။ အဲဒီတုန်းက ကျနော့်အသက် ဆယ့်တစ်နှစ် လောက်ပဲ ရှိပါသေးတယ်။ သူတို့ကို ကလေးတွေလို့ ဘာလို့ခေါ်မိလဲဆိုတာ ကိုယ့်ကိုယ်ကို မစဉ်းစားတတ်အောင်ပါပဲ။
ကျနော်တို့တွေဟာ မိုးအလွန်သည်းတဲ့ ညတစ်ညမှာ ထွက်ခွာခဲ့ကြတာပါ။ ပင်လယ်ပြင်မှာ ဗီယက်ကောင်းတွေ အမြဲတမ်း ကင်းလှည့်လေ့ ရှိပါတယ်။ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတဲ့သူတိုင်းကို ဖမ်းဆီးပါတယ်။ အဲဒါကြောင့် ကျနော်တို့တွေဟာ မိုးရွာနေတာကို အကာအကွယ်ယူပြီးတော့ ထွက်ခွာကြခြင်း ဖြစ်ပါတယ်။ တစ်ရက်ပြီး တစ်ရက် ကျနော်တို့ ခရီးဆက်ကြပါတယ်။ ကျနော်တို့တွေဟာ အင်ဒိုနီးရှားနိုင်ငံကို သွားနေကြတာပါ။ ထိုင်းနိုင်ငံကိုတော့ ကျနော်တို့ သွားလို့ မဖြစ်ပါဘူး။ ပင်လယ်ဓါးပြ အတော်များများဟာ ထိုင်းနိုင်ငံ အနီးက ပင်လယ်ပြင်မှာ ကျက်စားလေ့ ရှိတယ်ဆိုတာကို အဖေ ကြိုသိလို့ပါ။ အဲဒီအချိန်တုန်းက ထိုင်းနိုင်ငံကို ထွက်ပြေးကြတဲ့ လူတော်တော်များများဟာ ပင်လယ်ဓါးပြတွေ လက်ချက်နဲ့အသက်ဆုံးကြတာ များပါတယ်။ ကျနော်တို့ ခရီးစဉ်ရဲ့ လေးရက်မြောက်နေ့မှာတော့ ညအမှောင်ထဲမှာ အလင်းရောင်တစ်ခုကို တွေ့လိုက်ရပါတယ်။ ကျနော်တို့တွေဟာ အမေရိကန် သင်္ဘော တစ်စီးဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ မနက် ခြောက်နာရီလောက်မှာတော့ သင်္ဘောကို ထင်ထင်ရှားရှား မြင်လိုက်ကြပါပြီ။
သင်္ဘောရဲ့ ကိုယ်ထည်တစ်ခုလုံးကို အနက်ရောင် ဆေးသုတ်ထားပါတယ်။ တော်တော်လေးကို ကြီးမားတဲ့ သင်္ဘောပါ။ ဦးပိုင်းမှာတော့ Thailand ဆိုတဲ့ စာလုံးဖော်ထားပါတယ်။ ထိုင်းနိုင်ငံက ပင်လယ်ဓါးပြ သင်္ဘော ဆိုတာ သေချာသလောက် ရှိသွားပါပြီ။ ကျနော့်အဖေ ကျနော့်ကို ပြောပြတာက သင်္ဘောပေါ်က လူတွေဟာ အန္တာရာယ် ရှိပါတယ် တဲ့။ သူတို့တွေ တိုက်ခိုက်လာမှာကို ကျနော်တို့ စိုးရိမ် နေကြပါတယ်။ ပင်လယ်ဓါးပြ တွေဟာ မိန်းကလေးတွေကို တွေရင် အရင်ဆုံး သားမယား ပြုကျင့်ကြပြီးတော့ ဇိမ်ခန်းတွေမှာ ပြန်လည် ရောင်းစားတတ်ကြပါတယ်။ အဖေဟာ ကျနော်တို့ လှေငယ်လေးမှာပါလာတဲ့ မီးသွေးခဲ တချို့နဲ့ ကျနော်တို့နဲ့ လိုက်ပါလာတဲ့ မိန်းကလေးတွေရဲ့ မျက်နှာတွေမှာ သုတ်လိုက်ပြီး ရုပ်ဖျက်ပေးလိုက်ပါတယ်။ ပြီးတော့ ဘာဆက်လုပ်ကြမလဲ ဆိုတာကို လူတစ်ချို့နဲ့ အဖေတိုင်ပင်ပါတော့တယ်။ တစ်ချို့တွေကတော့ ပင်လယ်ဓါးပြ တွေကို ကိုယ့်ဖက်က ဦးအောင် တိုက်ခိုက်ကြမယ်တဲ့။ အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျနော်တို့မှာ သေနတ် တစ်လက်တော့ပါလာ ပါတယ်။ ဒါပေမယ့် ပင်လယ်ဓါးပြတွေဟာ ကျနော်တို့ထက် အစစ အရာရာ သာလွန် နေမယ်ဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ ဘာမှမလုပ်ပဲ ဒီအတိုင်းနေလိုက်ဖို့ ဆုံးဖြတ်လိုက်ကြ ပါတော့တယ်။ ကျနော့်အတွက်တော့ လုပ်နိုင်တာ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ကျနော် ယုံကြည်တဲ့ မယ်တော်ကို တိုင်တည်ပြီး ဆုတောင်းတာပါ။

သူတို့တွေဟာ လက်နက်တွေ ကိုယ်စီနဲ့ ကျနော်တို့ လှေပေါ်ကို တက်လာကြပါပြီ။ ကျနော့် အဖေကတော့ ကျနော့်ကို ငြိမ်ငြိမ်လေးနေဖို့ သတိပေးပါတယ်။ ကျနော် အလွန်အမင်း ထိတ်လန့်နေပါတယ်။ ကျနော့် လက်ချောင်းတွေဟာလည်း တဆတ်ဆတ်နဲ့ပေါ့။ ပင်လယ်ဓါးပြတွေဟာ ကျနော်တို့ကို သူတို့ရဲ့ သင်္ဘောဆီကို ပြောင်းခိုင်းပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ သင်္ဘောကို စေ့စေ့စပ်စပ် ရှာကြပါတော့တယ်။ ကျနော်တို့ အဖွဲ့သား တွေဆီကလည်း လက်ပါတ်နာရီတွေ၊ ငွေတွေကို တောင်းပါတယ်။ တစ်ခုခုကို ထိန်ချန်ထားမယ်ဆိုရင် သေချာပေါက် ပင်လယ်ထဲ ပစ်ချခံရမယ်ဆိုတာကိုလဲ ပြောပါသေးတယ်။ ကျနော်တို့ လှေပေါ်က လူတွေက သူတို့ရဲ့ အသက်ဘေးကို စိုးရိမ်ပြီးတော့ သူတို့မှာ ပါလာသမျှကို ထုတ်ပေးလိုက်ကြပါတော့တယ်။ သူတို့ရဲ့ ဘ၀သစ်အတွက် သူတို့ စုဆောင်းထားတာတွေပါ။ ပြီးတော့ ပင်လယ်ဓါးပြတွေဟာ ကျနော်တို့ကို အစား အသောက်တွေ ပေးပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကျနော်တို့ အဖွဲ့သားတွေကို ထိခိုက်နာကျင်အောင် မလုပ်ကြပါဘူး။ ကျနော်တို့ကို သနားသွားတယ်နဲ့ တူပါတယ်ဗျာ။
ကျနော်တို့ ဆက်ပြီး ခရီးထွက်ကြပါတယ်။ နောက်ထပ် သင်္ဘောကြီးတွေနဲ့ ဆုံမိပါသေးတယ်။ တချို့တွေက ဟော်လန်၊ တချို့တွေက အီတလီ နိုင်ငံက သင်္ဘောတွေပါ။ ကျနော်တို့ကို တွေ့လဲ သူတို့တွေ ရပ်မပေးကြပါဘူး။ သင်္ဘောကြီးတွေ မြင်တိုင်း ကျနော်တို့ ပျော်ရွှင်ကြပါတယ်။ ကျနော်တို့ကို ကယ်တင်ချင်တဲ့ သင်္ဘောတွေဆိုတာ မရှိသလောက်ပါပဲ။ တချို့သင်္ဘောတွေကျပြန်တော့လဲ ကျနော်တို့ကို ကယ်မယ်လို့ပြောပြီး ကျနော်တို့နဲ့ နီးကပ်လာပြီဆိုရင် ကျနော်တို့ကို ရိုက်ပုတ်ပြီးတော့မှ ကျနော်တို့ကို ပင်လယ်ထဲ ပြုတ်ကျအောင် လုပ်ကြပါတယ်။ တော်တော် ရက်စက်တဲ့ လူတွေပဲဗျာ။ ကျနော်တို့မှာ နေစရာမရှိတာတောင် ရှိတဲ့နေရာကနေ ပြုတ်ကျအောင် လုပ်ကြတယ်။ ကျနော်တို့တွေ သွားရင်း သွားရင်းနဲ့ နှစ်ပါတ်လောက် ကြာတော့ အနီရောင် ကြက်ခြေခတ် အမှတ်အသား ရှိတဲ့ ဂျာမနီ သင်္ဘောတစ်စီးကို တွေ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူတို့တွေဟာ ကျနော်တို့ကို သင်္ဘောကြီးနဲ့ တင်ခေါ်သွားဖို့ သဘောတူကြပါတယ်။ ကျနော်တို့ကို အစား အသောက်တွေ၊ စောင်တွေ ပေးပြီးတော့ အိပ်စက် အနားယူဖို့ ပြောလာပါတယ်။ ကျနော်တို့ အဖွဲ့သားတွေထဲက တစ်ချို့တွေကတော့ သင်္ဘော ကပ္ပတိန် နဲ့ သွားတွေ့ကြပါတယ်။ ကျနော့် အဖေကတော့ ဂျာမန်လို မပြောတတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်လို ကောင်းကောင်း ပြောတတ်ပါတယ်။ ပြင်သစ် ဘာသာနဲ့ပဲ သူတို့တွေ မေးတာကို အဖေ ဖြေပါတယ်။ နောက်ဆုံးတော့ သူတို့တွေဟာ ကျနော်တို့ကို အင်ဒိုနီးရှားက ကျွန်းတစ်ကျွန်း ပေါ်မှာရှိတဲ့ ဒုက္ခသည် စခန်းတခု ဆီကို ပို့ပေးမယ်လို့ အဖေတို့ကို ပြောပြပါတယ်။ ကျေးဇူးတင်လိုက်တာဗျာ။ လောကကြီးမှာ ကျနော်တို့ကို ပြုတ်ကျအောင် လုပ်တဲ့သူတွေ ရှိသလို၊ ကျနော်တို့ကို ကူညီတဲ့ လူတွေလဲ ရှိသေးတာပဲ .......

/ဆက်ပါဦးမည် ..../
3 comments:
နောက်တစ်ပိုင်းကို မြန်မြန်တင်ပေးလေ.... စာဖတ်ရတာ ပျက်သွားလို့.. ဟီးးးးးးးးးးး
တော်သေးတာပေါ့ " ပြုတ်ကျအောင် လုပ်တဲ့သူတွေ ရှိသလို၊ ကူညီတဲ့ လူတွေလဲ ရှိသေးတယ်.." တဲ့။
ဆက်ပါဦး... (အမ)
ဖတ်လို့ကောင်းတဲ့ ဘာသာပြန်လေးပါ။ နောက်တစ်ပိုင်းကို စောင့်မျော်လျှက်
Post a Comment