အဖေတို့ တပ်တွေ ထိုင်းနိုင်ငံကို ဆုတ်ခွာသွားတာ သုံးလေးရက် ရှိပါပြီ။ အခုချိန်ထိ အဖေ့ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။ ဗီယက်ကောင်းတွေ သိမ်းပိုက်ထားတဲ့ အဖေတို့ရဲ့ ရေတပ်စခန်းဟောင်းကို ကျနော်တို့ မိသားစုတွေ သွားရှာဖို့ ဆွေးနွေးကြပါသေးတယ်။ ဒါပေမယ့် ဗီယက်ကောင်းတွေက စခန်းနား ကပ်လာတဲ့သူတိုင်းကို သေနတ်နဲ့ ပစ်ခတ်ကြလို့ ဘယ်သူမှ မသွားဝံ့ကြပါဘူး။ အဲဒီကို သွားမယ့် အကြံကို ကျနော်တို့ လက်လျှော့လိုက်ရပါတယ်။ အိမ်မှာနေပြီး အဖေ့ကို စောင့်နေရုံကလွဲပြီး ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့ ပါဘူး။
အဖေ့ရဲ့ ဓါတ်ပုံတွေ၊ ယူနီဖောင်းတွေ (uniforms)၊ အဖေရခဲ့တဲ့ သူရဲကောင်း ဆုတံဆိပ်တွေ အားလုံးထဲက တချို့တ၀က်ကို သေသေချာချာ ဖွက်ထားလိုက်ကြပါတယ်။ ဘယ်သူမှ မမြင်နိုင်အောင်ပေါ့ သိပ်အသုံးမ၀င် တော့တဲ့ အရာတွေကိုတော့ မီးရှို့ပြီး ဖျက်ဆီးလိုက်ကြပါတယ်။ အဖေ့ရဲ့ အမှတ်တရ ပစ္စည်းတွေကို ကျနော်တို့ ဖျောက်ဖျက်လိုက်ကြတာပါ။
ကျနော့်ကို မမွေးခင် အချိန်က အဖေဟာ အမေရိကန် ပြည်ထောင်စုမှာ ခြောက်လကြာ စစ်ပညာ သင်ကြားခဲ့ပါတယ်။ အဖေ့ရဲ့ အကြိုက်ဆုံးနေရာ ကတော့ ဟောလီးဝုဒ် (Hollywood) ပါ။ အဖေ ဗီယက်နမ်ကို ပြန်လာတော့ ကာလီဖိုးနီးယား (California) ပြည်နယ်က ဓါတ်ပုံ တော်တော်များများကို ယူဆောင်ခဲ့ပါတယ်။ အဲဒီဓါတ်ပုံထဲက နေရာတွေအကြောင်းကို အဖေရှင်းပြတုန်းကဆို အဖေ့ကို ကျနော် ခနခန ပြောဖူးပါတယ် ... "အဲဒါ အမေရိကလား အဖေ? အဲဒီကို ဘယ်တော့များ သွားရမလဲ မသိဘူးနော် အဖေ" .... ကျနော် အင်္ဂလိပ် စကားလဲ မပြောတတ်ပါဘူး။ အမေရိက ဘယ်နားမှာ ရှိလဲဆိုတာကိုလဲ ကျနော်မသိပါဘူး။ အခုတော့ အဖေနဲ့ နေစဉ်တုန်းက အကြောင်းတွေကိုပဲ ပြန်တွေးနေမိပါတယ်။ အဖေတစ်ယောက် ဘယ်ရောက်နေပါလိမ့်။ အို .... မယ်တော် ... အကျွန်ုပ်၏ ဖခင်အား အန္တရာယ် အသွယ်သွယ်မှ ကင်းဝေးအောင် စောင်မ ကြည့်ရှုတော်မူပါ .....
ကျနော်တို့ ထင်ထားသလိုပဲ ဗီယက်ကောင်းတွေ ကျနော်တို့အိမ်ကို ရောက်လာပါတယ်။ အဖေ ဘယ်မှာရှိလဲ ဆိုတာကို လာမေးကြတာပါ။ ကျနော်တို့ တောင်မှ အဖေ ဘယ်ရောက်နေလဲ ဆိုတာကို မသိတာ ... သူတို့မေးတာကို ဘယ်လို ပြန်ဖြေနိုင်မှာလဲဗျာ။ ဗီယက်ကောင်းတွေ ရောက်လာပြီး သုံးပါတ်လောက် အကြာတော့ အရပ်အ၀တ်အစားတွေနဲ့ အဖေ ပြန်ရောက်လာပါတယ်။ ကျနော်တို့ အတူတူ ပြန်ပြီး နေထိုင်ကြတာပေါ့ဗျာ။
ဗီယက်ကောင်းတွေက လူတစ်ယောက်ကို ဖမ်းတော့မယ်ဆိုရင် သူတို့ ပြောလေ့ရှိတာက "ခင်ဗျားကို တွေ့ချင်ရုံ သက်သက်ပါ" .... အဲလိုပြောပြီးမှ လူတွေကို ခေါ်သွားကြပါတယ်။ ကျနော့် အဖေကိုလဲ စစ်တပ်က အရာရှိဟောင်း တွေဆိုရင် သင်တန်း တစ်ခုတက်ရမယ် ဆိုပြီးမှ လာပြောကြပါတယ်။ ကျနော့် အဖေကလဲ ကွန်မြူနစ် ဗီယက်ကောင်းတွေ သူ့ကို ထောင်မချဘဲနဲ့ ပညာသင်ခိုင်းတဲ့ အခွင့်အရေး ပေးတယ်လို့ ထင်နေပါတယ်။ သူတို့ပြောတဲ့ သင်တန်းဟာ သုံးလ ကြာမြင့်မှာ ဖြစ်ပါတယ်။ အဖေ အဲဒီသင်တန်းပြီးရင် အိမ်ကို ပြန်လာပြီးတော့ ကျနော်တို့နဲ့အတူတူ ပြန်နေထိုင်ခွင့်ရှိပါတယ်။ အဲဒီအခွင့်အရေးကြောင့် အဖေ တော်တော် ပျော်ရွှင်နေတယ်ဆိုတာ သိသာပါတယ်။ သူ့အတွေးထဲမှာတော့ ကွန်မြူနစ် အစိုးရဟာ ဆိုဗီယက် အစိုးရထက်စာရင် ကောင်းသေးတယ် လို့တွေးနေပါတယ်။ ကျနော့် အစ်ကိုတယောက်က အဖေ့ သွားရင် ယူသွားမယ့် ပစ္စည်းတစ်ချို့ကို ထုပ်ပိုး ပြင်ဆင်ပေးပါတယ်။ ပြီးတော့ ကျနော်တို့ မိသားစုတွေ အဖေ့ကို လာခေါ်တဲ့ ဗီယက်ကောင်း စစ်တပ်က ကားနားအထိ လိုက်ပို့ကြပါတယ်။ ကျနော်တို့နဲ့ အဖေ နေထိုင်သွားတာ ရက်သတ္တပါတ် နှစ်ပါတ်ပဲ ကြာလိုက်ပါတယ်။
ဗီယက်ကောင်းတွေပြောတဲ့ သုံးလ ဆိုတဲ့အချိန်ဟာ ကျော်လွန်ခဲ့ပါပြီ။ အဖေ့ကိုလဲ မတွေ့ရသေး၊ အဖေ့ သတင်းလဲ မကြားရပါဘူး။ ရက်တွေကနေ လကို ပြောင်း၊ လတွေကနေ နှစ်ကို ကူးပါပြီ။ အဖေ့ဆီက စာမလာ၊ သတင်းမကြားရတာ အမေ့ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ နောက်ဆုံးမှာတော့ အမေဟာ အရဲစွန့်ပြီးတော့ ဗီယက်ကောင်း အစိုးရကို တိုက်ရိုက်သွားတွေ့ပြီးတော့ အဖေ့အကြောင်းကို စုံစမ်းပါတယ်။ ပထမ အစတုန်းကတော့ သူတို့ဟာ အမေ့ကို အဖေနဲ့တွေ့ပေးဖို့ ငြင်းဆန်ကြပါတယ်။ ဘယ်လိုမှ လက်မလျှော့တဲ့ အမေကို အဖေ ဆက်သွယ်လာရင် အကြောင်းကြားပေးမယ်လို့ ကတိပေးကြပါတယ်။
စစ်ပွဲတွေရဲ့ ဘေးဒဏ်တွေကို ကျနော်တို့ အလူးအလဲ ခံစားရပါတယ်။ ကျနော်တို့ ပိုင်ဆိုင်တဲ့ ပိုက်ဆံတွေ အကုန်လုံးကို အစိုးရက သိမ်းယူလိုက်ပါတယ်။ ဒါပေမယ့် ကျနော့်အမေကို အဖွားပေးထားတဲ့ ရွှေတို၊ ရွှေစ ရှိတော့ အဆင်ပြေကြပါသေးတယ်။ အဖွားပေးတဲ့ ပမာဏဟာ ကျနော်တို့ စားဖို့၊ သောက်ဖို့ လုံလောက်ရုံ သာမက စီးပွားရေးလုပ်ငန်းတခု ထူထောင်နိုင်လောက်အောင် လုံလောက်ပါတယ်။ အမေလဲ အဖေ မရှိတဲ့ အချိန်မှာ ကျနော်တို့ကို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ ကိုသဘောပေါက်လို့ စီးပွားရေးတစ်ခု လုပ်ဖို့ ပြင်ဆင်ပါတော့တယ်။
ကျနော့် အဖေဟာ အသက် လေးဆယ့်ငါး ရှိုပြီးတော့ အမေကတော့ လေးဆယ် ပါတ်ဝန်းကျင်ပါ။ စီးပွားရေးလုပ်ငန်း တစ်ခုကို ဘယ်ကနေ ဘယ်လို စလုပ်ရမလဲဆိုတာ အမေ သိပ်မသိပါဘူး။ အမေဟာ ပညာတတ်၊ လူချမ်းသာ အသိုင်းအ၀ိုင်းကနေ ဆင်းသက်လာတာပါ။ နောက်ဆုံးတော့ အမေ တစ်ခုခုကို ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကတော့ အစားသောက်တွေ ဈေးကြီးနေတဲ့ ကွန်မြူနစ် ခေတ်ပျက်ကြီးမှာ ဆန် အရောင်းအ၀ယ် လုပ်မယ်ဆိုတာကိုပါ။ မှောင်ခိုဈေးမှာ ဆန် တစ်ကီလိုကို ငါးဒေါ်လာ ပေးဝယ်ပြီးတော့ အရပ်ထဲမှာ ငါးဒေါ်လာ ပြားငါးဆယ်နဲ့ ပြန်ရောင်းရပါတယ်။ လူတွေကို သနားတတ်တဲ့ အမေဟာ အမြတ်အစွန်းကို သိပ်ပြီးတော့ ထည့်မတွက်ပါဘူး။
အရောင်းအ၀ယ်စပြီး ၂ နှစ်အကြာမှာတော့ စီးပွားရေးတိုးမလာတဲ့ အပြင် ရှိတာလေးတွေပါ ကုန်သွားပါတော့တယ်။ ဆန်ဝယ်စရာ အရင်းအနှီးမရှိတော့တဲ့ အမေဟာ အိမ်မှာ ရှိတာလေးတွေကို ထုခွဲ ရောင်းချရပါတယ်။ အဖွားလက်ဆောင်ပေးထားတဲ့ တန်ဖိုးကြီးပန်းအိုး၊ ကျနော်တို့ အလုပ်မှာ သုံးတဲ့ ဟွန်ဒါ မော်တော်ဆိုင်ကယ်၊ အဲဒါတွေကို ကျနော်တို့ စားသောက်စရိတ်အတွက် ရောင်းချလိုက်ရပါတယ်။ ကျနော့် အစ်ကို အကြီးဆုံးကတော့ အပြင်မှာ အလုပ်ထွက်ရှာရပါတယ်။ သူအလုပ်ရဖို့အတွက် အရင်ဆုံး လျှောက်လွှာ တင်ရပါယ်။ လျှောက်လွှာထဲက အဖေ ဆိုတဲ့နေရာမှာ ကွယ်လွန် ဆိုတာကို သူထည့်လိုက်ပါတယ်။ နောက်အိမ်ထောင်ပြုဖို့ အမေ့ကိုလဲ အဖွားက ခန ခန တိုက်တွန်းပါတယ်။ အဖွားပြောတိုင်း အမေ ခေါင်းခါ ခဲ့တာချည်းပါပဲ။ ကျောင်းတက်ခွင့်မရတဲ့ စစ်တပ်က အရာရှိရဲ့သားသမီး ကျနော်တို့ကို အိမ်မှာပဲ အမေ စာသင်ပေးပါတယ်။ အသက် ခြောက်နှစ်အထိ ကျနော် ကျောင်းမတက်ရသေးပေမယ့်လဲ သတင်းစာတွေ၊ စာအုပ်တွေက တချို့ စာကြောင်းတွေကို ကျနော် ဖတ်နိုင်ပါပြီ။
အဖေ ပျောက်သွားပြီး နှစ်နှစ်ခွဲလောက်ကြာတော့ တစ်စုံတစ်ယောက်က အဖေ့ဆီက စာကိုယူလာပေးပါတယ်။ "အဖေ မသေသေးဘူး" .... ကျနော်တို့တွေ ၀မ်းသာအားရနဲ့ အော်ဟစ်ကြပါတယ်။ အဖေပို့လာတာက စာအပြင် လက်ထပ်လက်စွပ်ကိုပါ ပို့လာတာပါ။ တကယ်လို့ ကျနော်တို့ကို ပြုစုဖို့ ပိုက်ဆံကုန်သွားရင် ရောင်းချ နိုင်အောင်လို့ပါ။ စာထဲမှာ ပါတာက အဖေ ကျနော်တို့ဆီကို ပြန်ရောက်ကောင်း ရောက်မယ်၊ မရောက်ရင်လဲ မရောက်ဘူးတဲ့ .... "ဘုရားသခင် .. အဖေဘာတွေ ဖြစ်နေပါလိမ့်"

နောက်တစ်ရက်ရောက်လာတော့ ကွန်မြူနစ် အစိုးရ က အမေ့ကို အကြောင်းကြားလာပါတယ်။ အမေ့ကို အဖေနဲ့ တွေ့ခွင့်ပေးမယ်ဆိုတဲ့ သတင်းပါ။ အဖေဟာ သူတို့ထားတဲ့ နေရာမှာ ကောင်းကောင်းမွန်မွန်နေတယ်၊ စည်းကမ်း မဖောက်ဘူး၊ အလုပ်ကြိုးစားတယ်၊ အဲဒါတွေကြောင့်မို့ အမေနဲ့ တွေ့ခွင့်ပေးတာပါ။ တွေ့တဲ့ အချိန်ကတော့ နှစ်နာရီသာရပါတယ်။ အဖေ့ရဲ့စာထဲက နောက်ထပ်အကြောင်းအရာတစ်ခုက သူ့ကို တွေ့ဖို့ လာမယ်ဆိုရင် စီးကရက်တချို့နဲ့၊ မုန့်အချို တမျိုးမျိုး ယူခဲ့ပါလို့ပါ ပါပါသေးတယ်။ အဲဒါကြောင့် အမေဟာ အဖေ့အတွက် သကြားတချို့နဲ့ ကိတ်မုန့်ဖုတ်ပါတယ်။ ပြီးတော့ စီးကရက် တချို့ရယ်ပေါ့။

/ဒုတိယပိုင်း ပြီးဆုံးပါကြောင်း/
1 comment:
(ဗီယက်ကောင်းတွေက လူတစ်ယောက်ကို ဖမ်းတော့မယ်ဆိုရင် သူတို့ ပြောလေ့ရှိတာက "ခင်ဗျားကို တွေ့ချင်ရုံ သက်သက်ပါ" .... အဲလိုပြောပြီးမှ လူတွေကို ခေါ်သွားကြပါတယ်။)
မြန်မာပြည်မှာလဲ- (ခဏလေးလိုက်ခဲ့ပါ ..မေးစရာလေးရှိလို့ပါ) ဆိုပြီး....ခေါ်သွားရင် ကျန်ခဲ့တဲ့မိသားစုက ထောင်တွေမှာ လိုက်စုံစမ်းရတာပဲ။
အတူတူပါပဲ..။
Post a Comment