Monday, July 27, 2009

Saigon သား ကျွန်တော် (၃)


ကွန်မြူနစ် ဗီယက်ကောင်းတွေဟာ အဖေ့ကို ကျွန်းတစ်ကျွန်း ပေါ်မှာ ထိန်းသိမ်းထားတာပါ။ ကျနော့် အဖေဆီကို ရောက်ဖို့ တစ်ပါတ်ကြာအောင် အမေ သွားရပါတယ်။ အမေ့ကိုတော့ ဗီယက်ကောင်းတွေက ခေါ်သွားပါတယ်။ အဖေတို့ နေရတဲ့နေရာကို ဗီယက်ကောင်းတွေကလွဲလို့ ရောက်ဖူးတဲ့လူ အင်မတန်နည်းပါတယ်။


အဖေရှိနေတဲ့ ကျွန်းကို အမေရောက်သွားတော့ သူ့မျက်စိကို သူမယုံနိုင်အောင် ဖြစ်သွားရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် အဖေ ပိန်ချုံးနေတာကို တွေ့လိုက်ရလို့ပါ။ အဲဒါအပြင် ရှိနေတဲ့အသက်ထက် တော်တော်ကို ပိုပြီး အိုစာနေသယောင် ဖြစ်နေပါတယ်။ ဆံပင်တွေဟာလဲ ဖြူလို့ပေါ့။ အဖေနဲ့ အမေတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စိတ်မကောင်းရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြတော့ပါဘူး။ အဖေနေရတဲ့စခန်းကတော့ ပညာတတ်တွေကို ထားတဲ့ ချွေးတပ်စခန်းတစ်ခု ဖြစ်ပါတယ်။ ဆေးပညာရှင်၊ ဆရာဝန်၊ နိုင်ငံရေးသမား၊ ရှေ့နေ၊ သိပ္ပံပညာရှင်၊ စစ်တပ်အရာရှိတွေ နေရတဲ့ စခန်းတစ်ခုပါ။ သူတို့ကို စောင့်ကြပ်နေတဲ့သူတွေကတော့ ဘာပညာမှမတတ်တဲ့ ကွန်မြူနစ် စစ်သားတွေဖြစ်ပါတယ်။ ပြီးတော့ အများစု ကလည်း လူငယ်လို့တောင် ခေါ်လို့မရသေးတဲ့ ဆယ့်ခြောက်နှစ်၊ ဆယ့်ခွန်နှစ်နှစ် ပါတ်ဝန်းကျင် လေးတွေပါ။ အဖေတို့ အကျဉ်းသားတွေကို သူတို့တွေ တိရစ္ဆာန်တွေလို ဆက်ဆံကြပါတယ်။ ကျနော့် အဖေ ပြောတာက "တချို့ အကျဉ်းသားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေလိုက်ကြတယ်။ တစ်ချို့တွေကို အစောင့်တွေက သတ်တယ်။ အစောင့်တွေကတော့ လူကို မထင်ရင် မထင်သလို သတ်ပစ်ကြတာ ချည်းပါပဲကွာ။"


ချွေးတပ်စခန်းမှာ မနက် ခြောက်နာရီကနေ ည ကိုးနာရီအထိ အလုပ်လုပ် ကြရပါတယ်။ အဖေကတော့ သစ်ပင်တွေကို ခုတ်လှဲရတယ်၊ ပုစွန်မွေးမြူရေး လုပ်ငန်းမှာ လုပ်ရတယ်။ ပုစွန်တွေကိုတော့ ကွန်မြူနစ် အစိုးရက အခြားသော နိုင်ငံတွေကို တင်ပို့ ရောင်းချပါတယ်။ တစ်နှစ်မှာ အဖေ 365 ရက် အလုပ် လုပ်ရပါတယ်။ နားချိန် ဆိုတာမရှိ၊ အားလပ်ရက် ခရီးဆိုတာ ဘာမှန်းကို မသိခဲ့ရပါဘူး။ ကွန်မြူနစ်တွေဟာ အကျဉ်းသားတွေကို နေ့ပိုင်းမှာ အလုပ်ကြမ်းတွေ လုပ်ခိုင်းပြီးတော့ ညပိုင်း အလုပ်သိမ်းပြီးပြီဆိုရင်လဲ သူတို့ရဲ့ ကွန်မြူနစ် ၀ါဒတွေကို သင်ယူခိုင်းပါတယ်။ သူတို့ သင်ပေးတာတွေက propaganda လို့ ခေါ်တဲ့ သူတို့ ကွန်မြူနစ် အစိုးရရဲ့ ဘယ်လောက် ကောင်းတယ်၊ ဘယ်လိုမျိုး ကောင်းလဲ ဆိုတာမျိုးတွေကို သင်ပေးတာပါ။ အဲ ... တကယ်လို့ အကျဉ်းသား တယောက်က အဲဒါတွေကို ဆန့်ကျင်မယ်၊ ကန့်ကွက်မယ်ဆိုရင် သေလုမျောပါး နှိပ်စက်ခံရပြီ လို့သာ မှတ်ထားလိုက်ပါတော့။


အဖေ့ကို အမေသွားတွေ့ပြီး ခြောက်လလောက် အကြာမှာတော့ ရုတ်တရက် အဖေ ပြန်ရောက်လာပါတယ်။ ကျနော်တို့ အတိုင်းမသိ ပျော်ခဲ့ရတာပေါ့ဗျာ။ ဒါပေမယ့် အဖေရောက်ပြီး သိပ်မကြာခင်မှာပဲ ဗီယက်ကောင်း အစိုးရဟာ အဖေ့ကို မြို့တွင်းမှာ နေခွင့်မပြုနိုင်ဘူးတဲ့၊ အဓိက အကြောင်းအရာကတော့ အဖေ့ရဲ့မိန်းမ (ကျနော်တို့ အမေ) နဲ့ အတူနေထိုင်ခွင့် မရှိဘူးတဲ့။ ဒါပေမယ့် သားသမီးတွေကိုတော့ ခေါ်ထားခွင့် ရှိတယ်တဲ့။ အဖေဟာ နောက်တစ်ခေါက် အမေနဲ့ ခွဲရပြန်ပြီပေါ့ဗျာ။ ဒီတစ်ခေါက်မှာတော့ အဖေဟာ ကျနော့်ကို သူနဲ့အတူ ခေါ်သွားပါတယ်။ ကျနော်တို့ကို ဗီယက်ကောင်း အစိုးရက ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နယ်စပ်ကို ပို့ထားပါတယ်။


ဗီယက်ကောင်းအစိုးရက ကျနော်တို့နေထိုင်ရေးအတွက်ကို တာဝန်ယူပါတယ်။ ကျနော်တို့ ရတာက မီးခြစ်ဘူး သာသာရှိတဲ့ မြေကွက်ရယ်၊ အဲဒီမြေပေါ်မှာ ၀ါးလုံး ရယ် အုန်းလက်တွေရယ် ပေါင်းပြီး ဆောက်လုပ်ထားတဲ့ တဲ တစ်ခု ရှိပါတယ်။ ကျနော်တို့ ၀မ်းစာအတွက်ကိုတော့ ကိုယ့်ဘာသာကိုယ် ရှာရတာပေါ့။ အဖေ စပါးတွေ၊ အသီးအနှံတွေ စိုက်ပျိုးနေတာကို ကျနော် တတ်နိုင်သလောက် ကူညီပေးပါတယ်။ အဲဒီ အချိန်ကတော့ 1978 ပါတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်ဗျ။ နယ်စပ်မှာ နေရတဲ့ ပထမ ခြောက်လကတော့ ဘာတိုက်ပွဲတွေမှ မရှိသေးဘဲနဲ့ အခြေအနေက ငြိမ်းချမ်းပါတယ်။ အဲဒီ ခြောက်လကိုလဲ လွန်ရော ဗီယက်ကောင်း အစိုးရဟာ ကမ္ဘောဒီးယားကို တိုက်ခိုက်ပါတော့တယ်။ ကမ္ဘောဒီးယားခေါင်းဆောင် ပေါ်လ်ပေါ့ထ် (Pol Pot) နဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရက်စက်တဲ့နေရာမှာ သူမတူအောင် ရက်စက်ကြပါတယ်။ သူတို့တွေဟာ ဓါးတွေနဲ့ ရောက်လာမယ်၊ ပြီးတော့ လူတွေရဲ့ ခေါင်းကို ဖြတ်မယ်၊ ညဆိုရင် လူတွေရဲ့ အိမ်တွေကို မီးနဲ့ ရှို့မယ်။ တချို့သူတွေဟာ သူတို့ကို တောင်းပန်သော်ငြားလည်းပဲ နောက်ဆုံးတော့ အသတ်ခံရတာချည်းပါပဲ။ ဗီယက်ကောင်းတွေက ကမ္ဘောဒီးယားဘက်ကို အမြောက်ကြီးတွေ သုံးပြီး တိုက်ခိုက်ပါတယ်။ ညဘက်ဆိုရင်လဲ ကောင်းကင်ကြီးဟာ အမြောက်တွေ ပစ်ခတ်မှုနဲ့ လင်းထိန်နေပါတယ်။ ကျနော် ဆိုင်ဂုံမှာ နေခဲ့တုန်းက လိုမျိုးပေါ့ဗျာ။


တစ်ရက်ကျတော့ ဗီယက်ကောင်းတွေဟာ အဖေ့ဆီကိုလာပြီးတော့ သူတို့အတွက် အလုပ်တစ်ခု လုပ်ပေးရမယ် ဆိုတာ လာပြောပါတယ်။ အဖေ့ကို သူတို့ ခိုင်းတဲ့အလုပ်က ကမ္ဘောဒီးယားတွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကို ရှင်းခိုင်းတဲ့ အလုပ်ပါ။ အဲဒီမိုင်းတွေဟာ ဗီယက်ကောင်းတွေကိုသာမက အပြစ်မဲ့ ပြည်သူတွေကိုပါ ထိခိုက်စေပါတယ်။ တစ်ချို့တွေ လယ်ထဲသွားရင်းနဲ့ မိုင်းနင်းမိလို့ ခြေထောက်တွေ၊ လက်တွေ ဆုံးရှုံး ကြရပါတယ်။ ကံမကောင်းဘူးဆိုရင်တော့ အသက်ပါ ဆုံးရှုံးကြပါတယ်။


ဗီယက်ကောင်းတွေ ခိုင်းတာကို မလုပ်ဘူး ဆိုပြီး အဖေ မငြင်းလိုက်ပါဘူး။ ငြင်းလိုက်ရင် အခြေအနေတွေက ဘယ်လို ဖြစ်လာမလဲဆိုတာ အဖေ သိပြီးသားမို့လို့ပါ။ အဲဒီညမှာပဲ အဖေ လေးလေးနက်နက် စဉ်းစားပါတော့တယ်။ ဗီယက်ကောင်းတွေ ခိုင်းတာကိုပဲ လုပ်ပေးရမလား၊ ကျနော့်ကို ငဲ့ပြီးတော့ တခြားနေရာကို ထွက်သွားရမလား ဆိုတာကိုပါ။ ကျနော့်ကို အဖေ ပြောလာတာကတော့ ကျနော်တို့ အမေရှိတဲ့ နေရာကို ပြန်သွားကြမယ်တဲ့။ အစီအစဉ်တွေကိုတော့ အဖေ တိတ်တဆိတ်ပဲ စီစဉ်ပါတယ်။


နောက်တစ်ရက် မနက် ခြောက်နာရီမှာတော့ မလွဲသာ မရှောင်သာနဲ့ပဲ ဗီယက်ကောင်းတွေရဲ့ အလုပ်ကို အဖေ သွားလုပ်ပေးလိုက်ပါတယ်။ အဲဒီည နှစ်နာရီမှာတော့ ကျနော်တို့ အိမ်ကနေ ထွက်ခွာကြပါတယ်။ ကျနော်တို့ လုပ်ရပ်တွေကို ဗီယက်ကောင်းတွေ သိသောလည်းပဲ ကျနော်တို့ကို တားဆီးခြင်း မလုပ်ကြပါဘူး။ သူတို့ အပေါ် အဖေအများကြီး ကောင်းခဲ့ပါတယ်။ အဲဒါတွေကို ထောက်ရှုပြီးတော့ ကျနော်တို့ကို သွားခွင့်ပြုကြတာပါ။ အိမ်အပြင်မှာ တော်တော်ကို မှောင်မိုက်နေပါတယ်။ အမှောင်က ကျနော့်ကို ကြောက်လန့်အောင် စွမ်းဆောင် နေပါတယ်။ ကျနော်တို့ နေရာဟာ ကျေးလက်ဒေသ ဆိုပေမယ့်လည်း လုံခြုံရေးတပ်သားတွေကို နေရာ တော်တော်များများမှာ တွေ့ရပါတယ်။ ကျနော်တို့ဟာ လမ်းမကြီးအတိုင်း မသွားကြပါဘူး။ သစ်တောအုပ် ထဲကနေ ပုန်းလျှိုးကွယ်လျှိုး သွားကြရပါတယ်။ နောက်ဆုံးတော့ ဘတ်စ်ကား စီးလို့ရနိုင်မယ့် နေရာကို ရောက်ပါတယ်။


ကျနော်တို့ ဆိုင်ဂုံကို ပြန်ရောက်တော့ အမေ့ကို ခနပဲ တွေ့ခွင့်ရပါတယ်။ ကျနော်တို့ အိမ်ကို ပြန်ရောက်နေမှန်း ဗီယက်ကောင်းတွေ သိသွားရင် အကုန်လုံး ဒုက္ခရောက်သွားနိုင်ပါတယ်။ နေရာတိုင်းဟာ အဖေ့အတွက် မလုံခြုံ တော့တာမို့လို့ ဗီယက်နမ်ကို အပြီးစွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အငယ်ဆုံးသား ကျနော့်ကိုလဲ သူနဲ့အတူ ခေါ်သွားမယ်ဆိုတာကိုလဲ အမေ့ကို ပြောပြပါတယ်။ အမေ့ကို ကျနော် သနားတယ်။ အမေနဲ့ အတူနေရတဲ့ အချိန်တိုင်း အမေ့ကို ကျနော် အမြဲတမ်းကူညီပါတယ်။ ကျနော့်ကို အဖေ ခေါ်သွားမယ်ဆိုတာကို အမေသိတော့ ငိုလိုက်တာဗျာ။ အဖေ့ကို အမေ အဓိကထားပြီး မှာနေတာကတော့ ကျနော့်ကို ကျောင်းထားပေးဖို့ပါ။ ကျနော့် အစ်ကိုတွေ၊ အစ်မတွေလဲ ကျနော်တို့ သွားတော့မယ် ဆိုတာကိုသိတော့ အကုန်လုံး ၀မ်းနည်းနေကြပါတယ်။


ကျနော့်ကို အမေ နောက်ဆုံး ပြောခဲ့တာကတော့ "သား .. မင်းကို အမေ ချစ်တယ် .. အမြဲတမ်း သတိရ နေမယ်နော် .... " ပြီးတော့ ကျနော်တို့ ဗီယက်နမ်ကို ကျောခိုင်းလိုက်ကြပါတော့တယ်။

/တတိယပိုင်းကို နောက်ကျစွာ တင်ရတဲ့ အတွက်
အထူးပဲ တောင်းပန်ပါတယ်ခင်ဗျာ။
ကျန်ရှိသေးသော အပိုင်းလေးများကိုလဲ
စောင့်မျှော်ပေးပါအုန်းခင်ဗျာ။/



2 comments:

Anonymous said...

သိပ်ကောင်းတဲ့ ဘာသာပြန် လက်ရာပဲ.. စောင့်ဖတ်ရကျိုးနပ်ပါတယ်..
(ရွှေမိုး)

ရှင်မွှေးကြူ said...

ကျန်တဲ့အပိုင်းတွေမြန်မြန်တင်နော် မျှော်နေတယ်