အာဖဂန်ကနေ ကျနော်တို့ အီရန်က မြို့ငယ်လေး တစ်မြို့ဖြစ်တဲ့ ဇာဟီဒန် (Zahedan) ကိုရောက်လာပါတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့ သူတွေကတော့ ကျနော်တို့ ဆီကနေ အခကြေးငွေအဖြစ် အာဖဂန် ပိုက်ဆံ တစ်သောင်း ယူသွားပါတယ်။ အဲဒါက အလွန်တရာ များတဲ့ ပမာဏပါ။ ကျနော့် အထင်ပြောရရင် အမေရိကန် ဒေါ်လာ တစ်ထောင်လောက် ရှိမှာပါပဲ။ ပြီးတော့ ကျနော်တို့ ခပ်ညံ့ညံ့ မိုတယ်တစ်ခုမှာ ယာယီ နေထိုင် ကြရပါတယ်။ ဇာဟီဒန်ဟာ ကျနော်တို့လို လူမျိုးတွေ အတွက်တော့ သိပ်ကောင်းတဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်စပ်မြို့ တစ်မြို့ ဖြစ်နေလို့ပါ။ အီရန် စစ်သားတွေနဲ့ အာဖဂန်က စစ်သားတွေ ကျနော်တို့ကို အချိန်မရွေး ပြန်ဖမ်းမိနိုင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ မိသားစုဟာ အီရန်ရဲ့ မြို့ကြီးတစ်မြို့ ဖြစ်တဲ့ ရှီးရာ့ဇ် (Shiraz) ကို သုံးလေးရက် အတွင်းမှာပဲ အရောက်သွားလိုက်ကြပါတယ်။
အာဖဂန်ကနေ ပြောင်းလာတဲ့ အတွက် ကျနော် တော်တော်ကို ၀မ်းနည်းရပါတယ်။ ကျနော့်ဘ၀ကို အာဖဂန် မှာပဲ ဖြတ်သန်းချင်လို့ပါ။ ကျနော် နဲ့ ကျနော့် မိသားစုတွေက ကန်ဒါဟာ (Kandahar) လို့ခေါ်တဲ့ အာဖဂန် ရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ နေထိုင်ကြပါတယ်။ မြို့တော်ကတော့ အားလုံးသိတဲ့ အတိုင်း ကဘူးလ် (Kabul) ပါ။ ကျနော်တို့ ကန်ဒါဟာမှာ လူတွေ ပြွတ်သိပ်နေထိုင်ရတဲ့ တိုက်ခန်းတွေ မရှိပါဘူး။ မြို့သူ မြို့သား တိုင်းဟာ ကိုယ်ပိုင် အိမ်ယာတွေနဲ့ပါ။ ကျနော်တို့ နေရတဲ့ အိမ်ကတော့ ကျနော့်အတွက် တော်တော်လေးကို ကျယ်ဝန်း ပါတယ်။ ကျနော်တို့ အိမ်မှာ အခန်းများများ ရှိပေမယ့်လဲ ကျနော်တို့ အားလုံး တစုတဝေးတည်းနဲ့ တစ်ခန်းတည်းမှာ အိပ်ကြပါတယ်။ ကျနော်တို့ ဆိုတာက ကျနော်၊ ကျနော့် မိဘ၊ ကျနော့် အစ်ကို လေးယောက် နဲ့ ကျနော့် အစ်မ နှစ်ယောက်တို့ ဖြစ်ကြပါတယ်။ ကျနော်တို့ အာဖဂန်တွေရဲ့ ထုံးတမ်းက အိမ်သူ အိမ်သားတွေ အခန်းတွေ ခွဲပြီး အိပ်ကြတာကို မနှစ်သက်ကြပါဘူး။ ကျနော့် ဦးလေးနဲ့ သူ့မိသားစုကတော့ ကျနော်တို့ အခန်း ရဲ့ ကပ်လျက် အခန်းမှာ နေကြတာပါ။ ကျနော့် အဖေကတော့ ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ပါတယ်။ ဆိုင်အလုပ် တွေကိုလဲ သူပဲ ဦးစီးတာပါ။ အမေ ကျတော့ အခြား အာဖဂန် အမျိုးသမီးတွေလို အိမ်မှုကိစ္စကိုပဲ လုပ်ကိုင် ပါတယ်။ ကျနော် နဲ့ ကျနော့် အစ်ကိုတွေက ကျောင်းသွား၊ အစ်မတွေကတော့ အမေကို ကူညီလုပ်ကိုင်ပါတယ်။ အာဖဂန် ကိုနှစ်သက်ရတဲ့ နောက်ထပ်အကြောင်းပြချက် တစ်ခုကတော့ ရာသီဥတုကို ရည်ညွှန်း ရမှာပါ။ ကျနော်တို့ မြို့ဟာ ကန္တာရနဲ့ နီးပေမယ့် အရမ်းကြီး မပူ၊ မအိုက်ဘဲ နွေးထွေးပါတယ်။ ကဘူးလ် မြို့သားတွေလို နှင်းတွေကို ကျနော်တို့ မမြင်ဖူးပါဘူး။
အီရန်ကို ကျနော်တို့ ရောက်ပြီး နှစ်လ အကြာမှာတော့ ကျနော့်အဖေဟာ သတင်းတစ်ခုကို ကြားလိုက်ပါတယ်။ အဲဒါကတော့ သူထင်ထားတဲ့ အတိုင်း အာဖဂန်ကို ဆိုဗီယက်တွေ စတင် တိုက်ခိုက်နေပြီ ဆိုတာကိုပါ။ အဲဒီ သတင်းကို အဖေကြားပြီးတဲ့ နောက်မှာတော့ ကျနော်တို့ မောင်နှစ်မတွေကို အီရန်မှာ ကျောင်းထားဖို့ သူ စီစဉ် ပါတော့တယ်။

ဒါပေမယ့် ကျောင်း အတော်များများက ကျနော်တို့ကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကိုလဲ သူ သိနေပါတယ်။ ကျနော်တို့က အီရန်ဖွား၊ အီရန် နိုင်ငံသားတွေ မဟုတ်ကြလို့ပါ။ အဖေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ ပညာသင်ခွင့် ရအောင် ကြိုးစားခဲ့သော်လည်းပဲ ဘယ်ကျောင်းကမှ ကျနော်တို့ကို ၀င်ခွင့်မပေး ပါဘူး။ အဲဒီနောက်တော့ အဖေဟာ ၀မ်းနည်းစွာနဲ့ပဲ ကျနော်တို့ကို အလုပ်လုပ်ခိုင်းပါတယ်။ ကျနော်တို့ အလုပ်ရှိမှ ကျနော်တို့ရဲ့ အနာဂတ်ဆိုတာ ဖြစ်လာမှာပါတဲ့။ ကျနော့်ဖခင်ရဲ့ စကားကို ကျနော် အခုချိန်ထိ မှတ်သားထားဆဲပါ။
ကျနော့် အတွက် ပထမဆုံး လုပ်ရတဲ့ အလုပ်ကတော့ ရေပိုက်ပြင်ဆရာ တစ်ယောက်ဆီမှာ ကူဖော်လောင်ဖက် အဖြစ်နဲ့ စတင်လုပ်ကိုင် ခဲ့ရတာပါ။ ကျနော် ဘာလုပ်ရမလဲဆိုတာကို သူ ပြောပါတယ်။ သူ့ဆီကနေ လုပ်အားခ ကို ကျနော် များများစားစား မရခဲ့ဖူးပါဘူး။ တစ်ကြောင်းက ကျနော်ဟာ အာဖဂန်နိုင်ငံသား ဖြစ်နေတာကြောင့်၊ နောက်တစ်ကြောင်းကတော့ ကျနော့်ကို ပိုက်ပြင်ဆရာ တစ်ယောက်ဖြစ်လာဖို့ ပညာတွေကိုပါ ဝေမျှ ရတာကြောင့်ပါ လို့ သူ (ပိုက်ပြင်ဆရာ) က ကျနော့်ကို ရှင်းပြပါတယ်။ ကျနော့် အစ်ကို တွေကတော့ အထည်ချုပ်တဲ့ ပညာကိုပဲ သင်ကြပါတယ်။ ကျနော့် အဖေကတော့ သူများတွေရဲ့ ဈေးဆိုင်တွေမှာ အလုပ်လုပ် ပါတယ်။
ကျနော်တို့ အီရန်မှာ နေထိုင်လာတာ ခြောက်နှစ် ကျော်ခဲ့ပါပြီ။ တရက်ကျတော့ ကျနော့် အဖေဟာ ကျနော်တို့ အမေရိကန် ပြည်ထောင်စုကို ဆက်သွားကြမယ့် အကြောင်း ကျနော်တို့ကို အသိပေးလာပါတယ်။ အဲဒီမှာ ကျနော်တို့ ကျောင်းတက်ခွင့်ရမယ်၊ ကျနော်တို့ အနာဂတ်ဟာလည်း အခု အခြေအနေထက် ပိုပြီးပြည့်စုံ လာမယ် ဆိုတဲ့ အကြောင်းတွေပါ အားတက်သရောနဲ့ ပြောပြပါတယ်။ အဲဒါနဲ့ ကျနော်တို့ဟာ ဇာဟီဒန် ကို တစ်ခေါက် ပြန်သွားကြပါတယ်။ အဲဒီကနေတစ်ဆင့် တောင်ဖက်ကို ကျနော်တို့ ခရီးဆက်ကြပါတယ်။ အမေရိကန် သံရုံးရှိတဲ့ ပါကစ္စတန် (Pakistan) ဆီကိုပါ။
ပါကစ္စတန်ကို ကျနော်တို့ ရောက်တဲ့ နေ့မှာပဲ ကျနော့်အဖေဟာ မမောအားဘဲ အမေရိကန် သံရုံးကို ဆက်သွား ပါတယ်။ ပြီးတော့ ကျနော်တို့ကို ဒုက္ခသည် တွေအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုပါတယ်။ ကျနော်တို့ အရင်တုန်းက သိခဲ့တာက အမေရိကန်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံတယ် ဆိုတာကိုပါပဲ။ သံရုံးရှေ့မှာ ထောင်ချီတဲ့ လူတွေ တန်းစီနေမယ် ဆိုတာကိုတော့ မသိခဲ့ရိုး အမှန်ပါ။ ပါကစ္စတန် ရာသီဥတုဟာ ကျနော့် အတွက်တော့ တော်တော်ကို ပူပါတယ်။ ကျနော့် ဖခင်ကတော့ အပူဒဏ်ကိုတောင် သတိထားမိဟန် မတူပါဘူး။ ကျနော်တို့ဟာ တခြားတန်းစီနေတဲ့သူတွေလိုပဲ တိုက်ခန်းတစ်ခန်းမှာ နေထိုင်ကြပါတယ်။ နေ့တွေ၊ ရက်သတ္တပါတ်တွေ ကုန်လွန်လာတာနဲ့ အမျှ ကျနော့် အဖေရဲ့ စိုးရိမ်စိတ်ဟာလဲ တစစ ကြီးထွားလာပါတယ်။ သူစိုးရိမ်နေတာက ကျနော်တို့တွေ အမေရိကန် ပြည်ထောင်စုကို မရောက်နိုင်မှာကိုပါ။ စိတ်ဖိစီးမှု ဒဏ်တွေကို မခံနိုင်တော့တဲ့ အဖေဟာ နောက်ဆုံးမှာ အိပ်ယာထဲ ဗုန်းဗုန်းလဲ ပါတော့တယ်။ အဖေ အဲဒီလို နေမကောင်း ဖြစ်တာဟာ သူ့အသက်ကိုပါ ယူသွားလိမ့်မယ်လို့ ကျနော် လုံးဝမထင်ခဲ့ မိပါဘူး။ အို .... အလ္လာ .... ကျနော်တို့ မိသားစုရဲ့ သူရဲကောင်းကြီးကို စောင်မပါ ......................
တမလွန်က အဖေ့ရဲ့ ကူညီမှုပဲလား မပြောတတ်ပါဘူး။ အဖေ ဆုံးပြီး လအနည်းငယ် အကြာမှာ ကျနော်တို့ အမေရိကန် ပြည်ထောင်စုကို ၀င်ခွင့်ရမယ့် အထောက်အထား စာတမ်းတွေကို ရရှိခဲ့ပါတယ်။ ကျနော့် အသက် ဆယ့်လေးနှစ်မှာ ကျနော်တို့ အမေရိကန်ကို စ ရောက်ပါတယ်။ ရောက်ရောက်ချင်း တစ်လ အတွင်းမှာပဲ အထက်တန်းကျောင်း တစ်ကျောင်းမှာ ကျနော် ပညာသင်ခွင့် ရပါတယ်။ အဲဒီရက်မှာ ကျနော် အတိုင်းမသိ ပျော်ရွှင်ခဲ့ရပါတယ်။ တစ်စုံတစ်ခုကို သင်ရတော့မှာမို့လို့၊ တစ်စုံတစ်ယောက် ဖြစ်လာတော့မှာမို့လို့ ပျော်ရွှင်မိတာပါ။ ဒါပေမယ့် ကျနော် ကြောက်လန့်နေပါတယ်။ အင်္ဂလိပ်စကား မပြောတဲ့ ကျနော့်အတွက် အင်္ဂလိပ်စာကိုပဲ အရင်ဆုံး သင်ကြားရပါတယ်။ ရက်သတ္တပါတ် နှစ်ပါတ်လောက် ကြာတဲ့ အချိန်မှာ စကားလုံး တွေက ကျနော်နဲ့ အတော်အတန် ယဉ်ပါးနေပါပြီ။ ဒါပေမယ့် တခြား အတန်းဖော်တွေ ကျနော့်ကို လှောင်ပြောင် နေကြဆဲပါ။ ကျနော် သူတို့နဲ့ ရန်ဖြစ်ချင်ပေမယ့်လည်းပဲ ကျနော့်အဖေ ပြောပြသွားတဲ့ အတိုင်း ပဲ ကျင့်ကြံလိုက် ပါတယ်။ "လူဆိုတာ ဦးနှောက်ရှိတယ်၊ စကားပြောတတ်တယ်၊ ဘာအတွက်ကြောင့် ရန်ဖြစ်နေကြအုန်းမှာလဲ" ဆိုတဲ့ အဖေ့စကားကို အခုချိန်ထိ ကျနော် မှတ်သားထားဆဲပါ။

အခု ကျနော် အသက် 17 နှစ်ရှိနေပါပြီ။ ကျနော်ဟာ အာဖဂန် နိုင်ငံက လာတယ်ဆိုတာ ဘယ်သူမှ သိပ်မသိကြတော့ ပါဘူး။ တခြားသူတွေလို တီရှပ် နဲ့ ဂျင်းဘောင်းဘီကို ကျနော် လိုက်ဝတ်တယ်၊ သူတို့ ထားတဲ့ ဆံပင်ပုံစံအတိုင်း ကျနော် လိုက်ထားတယ်။ ဒါပေမယ့် ကျနော့် လူမျိုး၊ ကျနော့် ရိုးရာကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျနော့် နိုင်ငံ အကြောင်း အမြဲတမ်းလိုလို ကျနော် စဉ်းစားမိပါတယ်။ ကျနော်ဟာ မွတ်ဆလင် တစ်ယောက်ပါ။ စနေနေ့ ဆိုရင် ကျနော်တို့ အိမ်နားမှာရှိတဲ့ ဗလီကို ကျနော် သွားပါတယ်။ အဲဒီနေ့ မနက် ဆယ့်တစ်နာရီကနေ ညနေ သုံးနာရီအထိ ကျနော် ဘာသာရေး သင်တန်း တက်ပါတယ်။ ညပိုင်း ရှစ်နာရီကနေ သန်းခေါင်ယံ အချိန်ထိ ကျနော် ဘုရားရှိခိုးပြီး ဆုတောင်းပါတယ်။ အလ္လာနဲ့ တမန်တော် မိုဟာမက်ကို ကျနော် ယုံကြည်ပါတယ်။ ကိုရမ်ကျမ်း ထဲက အတိုင်း ကျနော် လိုက်နာပါတယ်။
ကျနော် လက်ရှိနေထိုင်တဲ့ နိုင်ငံ အနေအထားနဲ့ ကျနော့် ဘာသာရေး ... အဲဒီနှစ်ခုကြားမှာ ကျနော် ဒုက္ခ တွေ့ရပါတယ်။ အစ္စလာမ် စည်းကမ်းတွေအရ ကျနော်တို့ဟာ တစ်ရက်ကို ငါးကြိမ် ၀တ်ပြု ဆုတောင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ချိန်တွေမှာဆိုရင် အတန်းဆရာမကို ၀တ်ပြု ဖို့ ခွင့်တိုင်လို့ ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုက အစားအသောက်တွေကိုလဲ အကုန်လျှောက်စားလို့ မရပါဘူး။ အဓိက ကတော့ ၀က်သား ပေါ့။ အဲဒါကြောင့် နေ့လည်စာ စားချိန်ဆိုရင် ကျနော့်ရှေ့မှာ ချိစ်ပီဇာ နဲ့ ကိုကာကိုလာကိုပဲ တွေ့ရမှာပါ။ မိန်းကလေးတွေနဲ့ ကျနော် အပြင်မသွားပါဘူး။ ကျနော့် ဘာသာရေးက အပြင်းအထန် တားမြစ်ထားလို့ပါ။ ကျနော့်ရဲ့ အိမ်ထောင်ရေး ကိစ္စတွေကို ကျနော့် မိဘတွေကပဲ စီစဉ်ကြပါလိမ့်မယ်။

ကျနော့် အထင်တော့ ဒီနေရာဟာ ကျနော်တို့ မွတ်ဆလင်တွေနဲ့ လုံးဝ မအပ်စပ်ဘူးလို့ ထင်မိပါတယ်။ မွတ်ဆလင် အမျိုးသမီးတွေဟာ ချာဒေါ (chadoor) လို့ခေါ်တဲ့ ၀တ်ရုံတွေကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ အနက်ရောင် ၀တ်ရုံရှည်ပါ။ ခေါင်းကနေ ခြေဖျားအထိ ဖုံးအုပ်ထားပါတယ်။ မြင်နိုင်အောင်တော့ မျက်လုံးမှာ အပေါက် ပါတာပေါ့ဗျာ။ ကျနော့် အစ်မ တွေဆိုရင် တစ်ယောက်မှ ၀တ်ရုံရှည်တွေကို မ၀တ်ဆင် ကြတော့ပါဘူး။ ကျနော့် အမေကတော့ အိမ်မှာ နေတဲ့ အချိန်တွေဆိုရင် အခုထိ ၀တ်နေဆဲပါ။ မိန်းကလေး တွေနဲ့ ကျနော် တစ်ခါမှ ကြာကြာ စကား မပြောမိပါဘူး။ ၀တ်ရုံရှည် မပါတဲ့ သူတို့ကို စကားပြောရတာ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားမိလို့ပါ။ အမေရိကန်ပြည်ထောင်စု ကို ရောက်လာတဲ့ တစ်ချို့သော လူတွေကတော့ သူတို့ရဲ့ ထုံးတမ်း အစဉ်အလာတွေကို မေ့ပြီး အမေရိကန် အပြုမူတွေကို ကျင့်ကြံကြပါတယ်။ သူတို့တွေဟာ မိန်းကလေးတွေနဲ့ အပြင်ထွက်ကြတယ်။ အမေရိကန်တွေ လုပ်သမျှ အရာအားလုံးကို လိုက်လုပ်ကြပါတယ်။
ဒီနေ့ က စပြီးတော့ နောက်ဆယ်နှစ်အတွင်း ကျနော့် မိဘတွေ သဘောကျတဲ့ သူနဲ့ အိမ်ထောင်ပြုမယ်၊ ကလေးလေးတွေ နဲ့ သူတို့အတွက် အိမ်တစ်လုံးရှိမယ်။ ပြီးတော့ သူတို့ကို ဘာသာရေး ကိုင်းရှိုင်းတဲ့ မွတ်ဆလင် တွေဖြစ်လာအောင် ကျနော်ပျိုးထောင်မယ်။ အဲဒါတွေကတော့ ကျနော် ရည်မှန်းထားတာတွေပါ။
ကဲ .... ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ ... အချိန်နည်းနည်း ကြာသွားခဲ့မိတယ် ဆိုရင်လဲ
တောင်းပန်ပါတယ်ခင်ဗျာ ...... New kids in town စာအုပ်ထဲက နောက်ထပ် ကလေး တစ်ယောက်ရဲ့ အကြောင်းကို
အလျဉ်းသင့်ရင် ဆက်ပါဦးမယ် ခင်ဗျာ ..... ကျေးဇူး တစ်ပုံကြီး တင်ပါ၏ ...
တောင်းပန်ပါတယ်ခင်ဗျာ ...... New kids in town စာအုပ်ထဲက နောက်ထပ် ကလေး တစ်ယောက်ရဲ့ အကြောင်းကို
အလျဉ်းသင့်ရင် ဆက်ပါဦးမယ် ခင်ဗျာ ..... ကျေးဇူး တစ်ပုံကြီး တင်ပါ၏ ...
3 comments:
ဘာသာပြန်ထားတာ ချောချောမွေ့မွေ့နဲ့ အရမ်း ဖတ်ကောင်းပါတယ်.. အသစ်တစ်ယောက်ရဲ့ လက်ရာလို့တောင် မထင်ရဘူး.. ဆက်စောင့်ဖတ်ဦးမယ်နော်.. :)
ဖတ်ကောင်းတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးပါ..။
အစ အဆုံး စွဲဆောင်မှုအပြည့်ရှိတဲ့ ဘာသာပြန်လက်ရာကောင်းလေးပါ။ နောက်ထက်ရှိသေးတဲ့ ကလေးတွေ အကြောင်းလဲ ဆက်ဖတ်ချင်ပါသေးတယ်။
စကားမစပ်.. အဖြူရောင်လေးပြောင်းလိုက်တာလဲ အမအတွက် အရမ်းအဆင်ပြေသွားတယ်..ကျေးဇူး။ ရွှေမိုး
ွှဖတ်လို့ အရမ်းကောင်းပါတယ်...အစအဆုံး ဆွဲဆောင်မှုရှိတယ်..။ နောက်ထပ် မျှော်နေမယ်နော်..။
Post a Comment