Sunday, July 12, 2009

အာဖဂန်နစ္စတန် မှ အမေရိကန် သို့(၁)

1979 ဆိုဗီယက် တပ်များ အာဖဂန်သို့ ကျူးကျော်ရန် စိုင်းပြင်းနေသော ကာလ ...... အဗ္ဗဒူလ် ရဲ့ ဖခင်ဟာ သူ့ မိသားစု အနာဂတ် လုံခြုံရေးအတွက် အာဖဂန်က ထွက်မှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။


မနက် လေးနာရီလောက်မှာ ကျနော့် အဖေနဲ့ အမေ က ကျနော်တို့ မောင်နှမတွေကို လာနှိုးပါတယ်။ "မြန်မြန်ထကြ၊ အသံမထွက်ကြနဲ့"....... ကျနော့် အစ်ကိုတွေနဲ့ ကျနော့်အစ်မတွေ၊ ကျနော် အပါအ၀င်ပေါ့ ... အကုန်လုံး အံ့အား သင့်နေကြပါတယ်။ "ကျနော်တို့ ဘယ်သွားကြမှာလဲ" ..... "ငါတို့ ဒီက ထွက်သွား ကြရမယ်" ကျနော့် အမေ ပြန်ဖြေလိုက်တာပါ။ ကျနော်တို့ မောင်နှမ တတွေ အလွန်အမင်း ကြောက်လန့် နေကြပါတယ်။ ကျနော်က အသက် ခုနှစ်နှစ်ပဲ ရှိသေးတဲ့ ကောင်လေးတယောက်ပါ၊ ဒါပေမယ့် အဲဒီနေ့ကို ကျနော် ကောင်းကောင်း မှတ်မိနေပါသေးတယ်။ ကျနော်တို့ဆီက အခကြေးငွေယူပြီး လိုက်ပို့မယ့်သူတွေ၊ ကျနော်တို့ စီးသွားရမယ့် ကုန်တင်ကားကြီး၊ ပြီးတော့ သဲကန္တာရ ...... ကျနော် ဆုံးဖြတ်လို့ မရသေးတာက ဘယ်ပစ္စည်းတွေ ယူပြီး၊ ဘယ်ဟာတွေ ထားခဲ့ရမလဲ ဆိုတာကိုပါ။ ကျနော့် ဘောလုံးလား ဒါမှမဟုတ် ကျနော့် သိပ္ပံစာအုပ်လား .... ကျနော် စဉ်းစားနေတုန်းမှာပဲ "ဘာတစ်ခုမှ မယူခဲ့နဲ့" ဆိုတဲ့ အမေ့ရဲ့ အသံကို ကြားလိုက်ရပါတယ်။

ကျနော့် အဖေကတော့ အမြဲတမ်းလိုလို ရေဒီယို နားထောင်ပါတယ်။ ကမ္ဘာကြီးက ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာကို သူ သိချင်စိတ် အရမ်းပြင်းပြ နေပါတယ်။ အဖေဟာ အာဖဂန် ကို ဆိုဗီယက်တပ် တွေ လာတိုက်လိမ့်မယ်လို့ ယူဆပြီး တွေးကြောက် နေတာလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ အာဖဂန်ကနေ ထွက်သွားမယ့် အကြောင်းကို ကျနော့် သူငယ်ချင်းတွေကို မပြောပြဖြစ်ခဲ့ ပါဘူး။ အဲဒါကိစ္စကို ကျနော်တို့ အိမ်တွင်းမှာပဲ ပြောကြပါတယ် .... ဘာလို့လဲ ဆိုတော့ ကျနော်တို့ မိသားစုရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မသိစေချင်လို့ပါ။

ကျနော်တို့ကို တနေရာရာ ခေါ်သွားမယ့် လူတွေ၊ ကျနော်တို့ကို သယ်သွားမယ့် ကား .... အဲဒါတွေကို မနက် နေရောင် မလာမီ အမှောင်ထဲမှာ ကျနော်တို့ မိသားစုတွေ စောင့်နေကြပါတယ်။ သူတို့ ရောက်လာတဲ့ အချိန်မှာတော့ နေမင်းကြီးက အရှေ့ဘက်ကနေ ထွက်လာပါတယ်။

ကျနော်တို့ကို လိုက်ပို့ပေးမယ့် လူတွေက စုစုပေါင်း သုံးယောက်ပါ။ သူတို့တွေဟာ ကန္တာရထဲမှာ နေထိုင်ကြပါတယ်။ သူတို့တွေဟာ လူတွေကို သာမက အခြား ပစ္စည်းတွေကိုပါ တရားမ၀င် သယ်ဆောင် ပေးကြပါတယ်။ ဒါပေမယ့် ဘာတွေလဲ ဆိုတာ ကျနော် မသိပါဘူး။ အဲဒါတွေကို ပတ္တူဖျင်စတွေနဲ့ ဖုံးအုပ်ထားပြီး ကျနော်တို့ မိသားစု အပြင် နောက်ထပ် မိသားစု နှစ်ခုက အဲဒီပစ္စည်းတွေ အပေါ်မှာ မတ်တပ်ရပ်နေ ကြရပါတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့သူတွေဟာ ကားကို မြန်မြန်ပဲ မောင်းကြပါတယ်။ ကျနော်တို့ ကိုယ်ခန္ဓာတွေဟာလဲ လဲကျလုမတတ် ယိုင်နဲ့နေကြပါတယ်။

ကျနော်တို့ ဘယ်ကိုသွားနေလဲ ဆိုတာ ကျနော်မသိပါဘူး။ ကျနော်တို့ သေသွားတော့မလား လို့တောင် တခါတလေ ထင်မိပါတယ်။ နောက်ထပ် ဘာတွေဖြစ်လာ အုန်းမလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ကျနော်တို့ ပါတ်ပါတ်လည်မှာ သဲတွေပြည့်နေပြီး အလွန်တရာ ပူလောင်နေတဲ့ ကန္တာရက လွဲလို့ ဘာမှ မရှိပါဘူး။


ရုတ်တရက် မှာ လေယာဉ်ပျံသံ လို အသံတစ်ခုကို ကြားလိုက်ကြရပါတယ်။ ကားမောင်းတဲ့သူတွေကနေ "၀ပ်နေကြ၊ ကြမ်းပြင်ပေါ် မှောက်နေကြ" ဆိုတဲ့ အသံ ကြားလိုက်ရပါတယ်။ ကျနော့် အဖေနဲ့ အမေကတော့ "မငိုကြနဲ့၊ မငိုကြနဲ့ ခန နေရင် အကုန် အဆင်ပြေသွားမှာပါ၊ ငါတို့ကို အလ္လာ ကယ်မှာပါ" ခန ကြာတော့ ခုနက အသံလဲပျောက်သွားပါတယ်။ ဆူညံနေတဲ့ ကားသံကိုတော့ ကြားရသေးတာပေါ့။

နေ့ခင်းက တော်တော် ပူသလောက် ညပိုင်းကျတော့ အရိုးကွဲ မတတ်အေးပါတယ်။ ကျနော်တို့ ထွက်လာတုန်းက အစားအသောက် နည်းနည်း သယ်လာပေမယ့် အခုတော့ ကုန်သွားပါပြီ။ ဆီတွေဝေ့နေတဲ့ ဆားငန်ရေကိုပဲ ကျနော်တို့ သောက်ကြရပါတယ်။ အဲဒီရေကို သောက်ရတာလဲ အကြောင်းပြချက် ရှိပါတယ်။ သူတို့ ပြောတာက အဲဒီလို သောက်မှ ရေက ကြာကြာခံမှာပါတဲ့။ ကျနော့် မိဘတွေနဲ့ ကျနော်တို့ကို လိုက်ပို့ သူတွေကတော့ ကျနော်တို့ကို အားပေးကြပါတယ်။ "မြို့နဲ့ နီးလာပြီ၊ ရေကန်နဲ့ နီးလာပြီ၊ ရေ များများ သောက်လို့ ရတော့ မယ်" "အားတင်းထားကြပါကွာ" ဆိုတာမျိုးတွေပေါ့။

အာဖဂန်ကနေ ထွက်ပြီး ဒုတိယမြောက်နေ့မှာတော့ ကျနော်တို့ ကံကောင်းထောက်မစွာနဲ့ သိုးထိန်း တယောက်ကို တွေ့လိုက်ရပါတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့ သူတွေက သိုးတစ်ကောင် ၀ယ်ပြီးတော့ ကျနော်တို့ အားလုံး ပျော်ရွှင်စွာ စားသောက်ကြပါတယ်။ အဲဒီညကတော့ အာဖဂန်မှာ နေခဲ့ရတဲ့ ကျနော့်ရဲ့ နောက်ဆုံးတစ်ည ဖြစ်ပါတယ်။

Janet Bode ရေးတဲ့ New Kids in Town စာအုပ်ထဲက
Abdul ရဲ့ အကြောင်းကို တတ်သလောက် မှတ်သလောက်လေး
ဘာသာပြန်ထားတာပါ။ အပိုင်း (၂) ကိုလဲ စောင့်မျှော်ပေးပါလို့ .....

1 comment:

မယ့်ကိုး said...

စာကောင်းလေးကို တပင်တပန်း ဘာသာပြန်ပေးတာ ကျေးဇူးတင်ပါတယ်။
စောင့်မျှော်နေပါ့မယ်။