Friday, July 3, 2009

နိုက်ဂျီးရီးယား မှ .....

နိုက်ဂျီးရီးယားမှ သဘာဝ ပါတ်ဝန်းကျင် အရေး လှုပ်ရှားသူ၊ တီဗွီအစီအစဉ် ထုတ်လုပ်သူ၊ ပုံဝတ္ထုတွေ ရေးတတ်သူ၊ ပြဇာတ်တွေ ရေးတတ်သူ ကန်ဆာရို ၀ီဝါ (Ken Saro-Wiwa) တစ်ယောက်ဟာ 1994 ခုနှစ်မှာ အုပ်ချုပ်သူ အာဏာရှင် ဆာနီ အဘာချာ (Sani Abacha) အမိန့်နဲ့ အကျဉ်းချ ခံခဲ့ရပါတယ်။ သူ့ကို ဖမ်းရတာ ကတော့ နိုက်ဂျီးရီးယား အစိုးရနဲ့ Shell Company ကြားက ပေါ်လစီတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့လို့ပါ။ သူ့နဲ့ အတူ အိုဂိုနိ (Ogoni) လူမျိုး ရှစ်ယောက်ဟာ 1995 နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကြိုးပေး ခံခဲ့ရပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ အိုဂိုနိ လူမျိုးတွေ ရဲ့ အခွင့်အရေး အတွက် ပေါ့တ်ဟားကော့တ် (Port Harcourt) သူတို့ ဆန္ဒပြ ခဲ့ကြလို့ပါ။

ကန်ဆာရို ၀ီဝါ ကို 1941 အောက်တိုဘာလ ၁၀ ရက်နေ့၊ နိုက်ဂျာဒေသ (Niger Delta) ဘိုရီ (Bori) မှာ မွေးဖွား ခဲ့တာပါ။ သူ့ဖခင်ကတော့ ဂျင်မ် ၀ီဝါ (Jim Wiwa)၊ အိုဂိုနိ လူမျိုးတွေရဲ့ အကြီးအကဲ တစ်ယောက်ပါ။ သူ့ရဲ့ ကလေးဘ၀ကိုတော့ အင်ဂလိကန် (Engalican) သာသနာပြု တယောက်ရဲ့ အိမ်မှာ ကြီးပြင်းခဲ့ရတာပါ။ အဲဒီ အိမ်ကနေပဲ သူ့ကို ဘက်စုံတော်တဲ့ ကျောင်းသား တယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။ အူမူဟိုင်ယာ အစိုးရကောလိပ် (Government College Umuahia) က အင်္ဂလိပ်စာ ပညာသင်ဆုကို ရပြီးတဲ့နောက်မှာ သူ့ရဲ့ ကျောင်းသားဘ၀ကို အီဘာဒန် တက္ကသိုလ် (University of Ibadan) မှာ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။ သူ ဘွဲ့ရပြီးတဲ့ နောက်မှာတော့ လားဂိုးစ် တက္ကသိုလ် (University of Lagos) မှာ ဆရာ အဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

1990 မှာ ၀ီဝါ ဟာ သူ့ကိုယ်သူ အိုဂိုနိ လူမျိုးတွေ ရဲ့ လူ့အခွင့်အရေးတွေ၊ သဘာဝ ပါတ်ဝန်းကျင် အခွင့်အရေးတွေ ကြားမှာဘဲ နှစ်မြုပ်ခဲ့ပါတယ်။ သူဟာ အိုဂိုနိ လူမျိုးများ အသက်ရှင်ရေး လှုပ်ရှားမှု (Movement for the Survival of the Ogoni People) အဖွဲ့မှာ အစောဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။ အဲဒီ အဖွဲ့အစည်းကတော့ အိုဂိုနိ လူမျိုးတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့၊ သူတို့ နယ်ကထွက်တဲ့ ရေနံတွေရဲ့ အကျိုးအမြတ်ကို မျှမျှတတ ရရှိဖို့၊ သူတို့နယ်က သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းဖို့ အတွက် ထူထောင်ထားခြင်း ဖြစ်ပါတယ်။

1993 ဇန်န၀ါရီမှာ အိုဂိုနိ လူမျိုးများ အသက်ရှင်ရေး လှုပ်ရှားမှု (Movement for the Survival of the Ogoni People) အဖွဲ့ က ဦးဆောင်ပြီးတော့ လူအင်အား သုံးသိန်းလောက် ရှိတဲ့ အိုဂိုနိ လူမျိုးတွေဟာ သူတို့ရဲ့ အခွင့်အရေး တွေအတွက် ငြိမ်းချမ်းစွာ စီတန်း ဆန္ဒပြခဲ့ ပါတယ်။ နိုက်ဂျီးရီးယား အာဏာရှင် အစိုးရ အုပ်ချုပ်မှု အောက်က သူတို့ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ သူတို့ဟာ အစိုးရ ကိုပဲ ဆန္ဒပြခဲ့တာ မဟုတ်ပါဘူး။ သူတို့ ပါတ်ဝန်းကျင်တွေကို အကြီးအကျယ် ပျက်စီးစေတဲ့ Shell Company ကိုပါ ဆန္ဒပြခဲ့တာပါ။

1994 မေလ ၂၁ ရက်နေ့မှာတော့ အိုဂိုနိ လူမျိုးများ အသက်ရှင်ရေး လှုပ်ရှားမှု အဖွဲ့က ခေါင်းဆောင် လေးဦး အသတ်ခံခဲ့ရပါတယ်။ အဲဒီ ကိစ္စက ၀ီဝါနဲ့ ဘာမှ မဆိုင်ပေမယ့် သူပါဝင်ပါတ်သက်မှု ရှိတယ်ဆိုပြီးမှ အထူးခုံရုံး ဖွဲ့ပြီး သူနဲ့အတူ အခြား အိုဂိုနိလူမျိုး ရှစ်ယောက်ကို ကြိုးပေးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို နိုင်ငံတကာက လူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အပြန်အလှန် သုံးသပ်ပြီးတော့ ၀ီဝါ ရဲ့ သတ္တိ အတွက် Right Livelihood Award ဆု နဲ့ Goldman Environmental Prize ဆုကို ချီးမြှင့်ခဲ့ပါတယ်။ သူ မသေခင် ပြောသွားခဲ့တာကတော့

"My Lord, take my soul but let the struggle continue."

No comments: