"၀ယ်လာပြန်ပြီ အဲဒီဖိနပ်တွေ၊ အမေတို့များ သူ့သားကိုဆို အရမ်းအလိုလိုက်တာပဲ" မကျေမနပ်နဲ့ ဗြစ်တောက်ဗြစ်တောက် အော်နေတဲ့ ကျနော့် အမရဲ့ အသံပါ။ ကျနော်ကိုင်သွားတဲ့ အထုတ်က ဘာအထုတ်မှန်း သိလိုက်လို့ အော်တာလေ။ ကျနော်ဖိနပ်ဝယ်ပြီဆိုရင် အဲဒီလိုအမြဲတမ်း အော်ခံရတယ်။ ဟုတ်ပါတယ်၊ ကျနော် ဖိနပ်တစ်ရံဝယ်ခဲ့တာပါ။ ကျနော့်မှာ မကြာမကြာ ဆိုသလို ဖိနပ်ဝယ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဖိနပ်တွေကို သဘောကျတယ်ပေါ့ဗျာ။ ဖိနပ်တွေကို ဘယ်အချိန်က စပြီးစုတတ်သလဲ၊ ဘယ်အချိန်ကစပြီး ကြိုက်သွားတာလဲ ဆိုရင်တော့ ကျနော် ကိုးတန်းကျောင်းသားဘ၀၊ ကျနော့်ရဲ့ ဒုတိယအမ အိမ်ထောင်ပြုတဲ့ နှစ်ပေါ့။ သူ့မင်္ဂလာပွဲမှာ ၀တ်ဖို့ဆိုပြီးမှ ကျနော့်ကိုသူ အ၀တ်အစားတစ်စုံ ၀ယ်ပေးပါတယ်။ အရင်က ကျနော့်မှာ အ၀တ်ကောင်းကောင်း မရှိဘူးလေ။ ပြီးတော့ သူ့မင်္ဂလာပွဲမှာ အမှတ်တရလေး ဖြစ်သွားစေချင်တဲ့ ဆန္ဒလေးလဲ ရှိမယ်ထင်တယ်။ သူဝယ်ပေးတဲ့ဖိနပ်က Walker ကွင်းထိုးလေးပါ။ ကျနော်အရမ်းကြိုက်ခဲ့တယ်၊ မြတ်မြတ်နိုးနိုးနဲ့လဲ စီးခဲ့ဖူးတယ်၊ အမေတို့ပြောတော့ အဲဒီတုန်းက ကျနော် လမ်းလျှောက်တဲ့ပုံက မြေကြီး နာမှာစိုးလို့ လျှောက်တဲ့ ပုံစံတဲ့။ တကယ်တမ်းက မြေကြီးနာမှာ စိုးလို့တော့ မဟုတ်ဘူးဗျ၊ ဖိနပ်နာမှာ စိုးတာ။ အဲဒီဖိနပ်လေးတော့ အခုဆိုတော်တော် အိုနေပါပြီ။ ဆေးသားတွေလဲ မကောင်းတော့၊ ချုပ်ရိုးတွေလဲ ပြုတ်။ သေချာတာတခု ကတော့ အဲဒီဖိနပ်လေးကို ကျနော် အခုထိ သိမ်းထားဆဲပါ။ အဲဒီအချိန်ကစပြီး အရူးလေးက ဖိနပ်တွေကို ရူးတော့တာပဲဗျို့။ အဲဒီ မတိုင်ခင်တုန်းက ဖိနပ်ဆို အမေ၀ယ်ပေးမှစီးဖြစ်တာ။ မ၀ယ်ပေးမချင်း အဟောင်းကိုပဲ စုတ်စုတ်ပြတ်ပြတ် စီးတာပဲ။ နောက်တော့ အမေ မ၀ယ်ပေးလဲ အတင်းဝယ်ပေးခိုင်း၊ မ၀ယ်ပေးဘူးဆိုရင် မုန့်ဖိုးတောင်းပြီး ကိုယ့်ဘာသာကို သွားဝယ်တာပဲ။ မုန့်ဖိုးရရင်လဲ မုန့်မစား၊ ဖိနပ်ပဲ ၀ယ်ဝယ် စုခဲ့တာ။ ဖေတို့ဘာပြောလဲ ဆိုရင် "စိုင်းရယ်၊ ယောက်ျားလေးမှာ ဖိနပ်တွေ အများကြီး မလိုပါဘူးကွာ" တဲ့ (အိမ်ကလူတွေက ကျနော့်ကို စိုင်းလို့ပဲ ခေါ်ပါတယ်)။ ကျနော် တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ အိမ်မှာ ကျနော့်ဖိနပ်ချည်းပဲ အရံနှစ်ဆယ်လောက် ရှိနေပြီ။ အဲဒါကို လုံးဝ ကြည့်မရတဲ့သူကတော့ ကျနော့် အမတွေထဲက တစ်ယောက်ပါ၊ ဘယ်တစ်ယောက်လဲ ဆိုတာတော့ မပြောတော့ပါဘူး (ဒီဘလော့ဂ်ကို သူတွေ့ရင် ကျနော် ပြေးပေါက်မှားမယ် ^_^) သူအပျိုအရွယ်တုန်းက လေဒီရှူးတွေ စပေါ်နေတဲ့ အချိန်ပေါ့ဗျာ။ သူလဲ လေဒီရှူး အရမ်းလိုချင်တော့ သူ့မုန့်ဖိုးသူစုပြီး တစ်ရံဝယ်လိုက်တယ်။ အဲဒါကိုအမေသိတော့ အဲဒီလေဒီရှူးကို နှီးနဲ့သီပြီး အမရဲ့ လည်ပင်းမှာ ဆွဲပေးလိုက်တယ်။ လေဒီရှူးကို အမေက နဂိုတည်းက ကြည့်လို့မရတာတဲ့။ အဲဒါကို အမက ၀ယ်လာတော့ ခံရပြီပေါ့။ အမက အဲဒီကိစ္စနဲ့ ကျနော်ဖိနပ်ဝယ်တာကို ပြသနာရှာတာ ခုထိ။ ခုနောက်ပိုင်းကျတော့ ကျနော်လဲ ဖိနပ်ကို သိပ်မ၀ယ်တော့ဘူး။ အိမ်နဲ့ဝေးနေပြီဆိုတော့ အစစ အရာရာ ချွေတာရတော့မယ်လေ။ အရင်လို အမတွေနဲ့ ရန်ဖြစ်၊ အော်ဟစ် နေရတဲ့ဘ၀ကို ပြန်လိုချင်မိပါသေးတယ်ဗျာ။
1 comment:
မီးငယ်လည်း ဖိနပ်ကြိုက်တယ်...
သူငယ်ချင်းက ဆိုရင် နင်မုန့်မစားနဲ့ ဗိုက်ဆာရင် ဖိနပ်စားနေတဲ့
Post a Comment