ကျနော် ကြီးပြင်းခဲ့ရတဲ့ နေရာကတော့ တောင်ပေါ်ရွာလေး တစ်ရွာမှာပါ။ အရင်တုန်းကတော့ သောင်းကျန်းသူ (မြန်မာ အစိုးရအခေါ်) တွေ ကြီးစိုးတဲ့ နေရာပါ။ အခုတော့ တော်တော်ကို အေးချမ်းတဲ့ အခြေအနေ ရောက်နေပါပြီ။ ကျနော့်မိဘတွေကတော့ လယ်နဲ့ တောင်ယာလုပ်တယ်ပေါ့ဗျာ။ ဆောင်းတွင်းတခုရဲ့ မနက်စောစောမှာ အမေက ကျနော့်ကို သူ့ဝမ်းထဲမှာ ဆက်မလွယ်နိုင်တော့လို့ ထင်ပါရဲ့၊ ကျနော့်ကို မွေးဖွားပေးခဲ့ပါတယ်။ ကျနော့်ကို မွေးတုန်းကဆို အဖေက ယောက်ျားလေး အသည်းအသန်လို ချင်နေတဲ့ အချိန်ပေါ့။ ကျနော့်အထက်မှာက မိန်းကလေး ချည်းပဲ သုံးယောက်။ ကျနော့်ကို မွေးတဲ့နေ့မှာ အဖေက အဖျားတက်နေတာတဲ့။ ကျနော့်ကိုမွေးပြီ "ယောက်ျားလေး" လို့ သူနာပြုဆရာမ လာပြောလိုက်တာနဲ့ သားဖွားခန်းအရှေ့မှာ ထိုင်စောင့်နေတဲ့ အဖေ ချက်ချင်း အဖျားပျောက်တယ်တဲ့။ နောက်ကျတော့ အမေက အဲဒီအကြောင်း ပြန်ပြောပြလို့ သိရတာပါ။ ဒါပေမယ့် ကျနော့်ကို ပေးတဲ့ နာမည်က မိန်းကလေးဆန်နေတယ်ဗျ။ နာမည်ပေးတာက ကျနော့်အမေရဲ့ အမပါ။ ကျနော့် ဂျီးတော် ပေါ့ဗျာ။ သားယောက်ျားလေး လိုချင်နေတဲ့ အဖေနဲ့ အမေက ဘာလို့ အဲဒီမိန်းမဆန်ဆန် နာမည်ပေးတာကို မကန့်ကွက်ခဲ့ပါလိမ့်နော်။ အခုချိန်ထိ ကျနော့်နာမည်ကို ကျနော် သိပ်မကြိုက်ခဲ့ဘူးဗျ။ အဲဒါနဲ့ ကျနော် ကျောင်းနေရမယ့် အရွယ်ကို ရောက်လာတယ်။ ကျနော့် နောင်ရေး၊ ကျနော့် ပညာရေးကို စိုးရိမ်တဲ့ မိဘတွေကတော့ ရွာမှာ ရှိတဲ့ လယ်တွေ အလုပ်တွေအားလုံး ရောင်းချပြီး မြို့ပေါ်ကို ပြောင်းခဲ့ပါတယ်။
မြို့ရောက်တော့ ကျနော်က ကျောင်းတက်၊ ဖေတို့မေတို့ကတော့ ဈေးထဲမှာ ကုန်စုံဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး ကျနော်တို့ မောင်နှစ်မတွေကို ပြုစုပျိုးထောင်ခဲ့တယ်ပေါ့။ ကျနော်တက်ရတဲ့ ကျောင်းက ကျနော့်ကို နာမည်ပေးခဲ့တဲ့ ကျနော့်ဂျီးတော်၊ သူဆရာမအလုပ် လုပ်နေတဲ့ကျောင်း၊ ကျောင်းသွားကျောင်းပြန် ကျနော့်ဂျီးတော်နဲ့ အတူသွားရတာပေါ့။ ကျနော့် အမတွေ၊ ကျနော့် မိဘတွေ ကျနော့်ကို ထိန်းလာတဲ့ နည်းက တမျိုးဗျ။ ကျနော် ငယ်ငယ်ကဆို ကျနော့်သူငယ်ချင်းတွေလို လမ်းပေါ်ထွက်ပြီး ဂေါ်လီ မရိုက်ခဲ့ရဘူး၊ သူငယ်ချင်းတွေလို ရစ်လုံးကိုင်ပြီး လေတံခွန် မလွှတ်ခဲ့ ဖူးဘူး။ ကျနော့် ငယ်ဘ၀ကို ကာတွန်းစာအုပ်တွေ၊ ကာတွန်းကားတွေနဲ့ဘဲ ဖြတ်သန်းခဲ့ရတယ်။ နောက်တစ်ခုက ကျနော့်မိဘတွေက ကျနော့်ကို စာအရမ်းလုပ်ခိုင်းတယ်။ အတန်းထဲမှာဆို ကျနော်က စာတော်တယ်လို့ သတ်မှတ်ခံရတယ်ပေါ့။ သူငယ်တန်းကနေ ရှစ်တန်းအထိ ကျနော် ဆုမရတဲ့ နှစ်မရှိခဲ့ဖူးပေါ့ဗျာ။ အဲဒီစာတွေ အဲဒီကာတွန်းကားတွေကို ကြာလာတော့ ကျနော် ငြီးငွေ့လာတယ်။ ကျနော်လဲ တခြားသူတွေလို လမ်းပေါ်မှာ ဂေါ်လီ ရိုက်ချင်တယ်ဗျာ၊ အရုပ်တွေထောင်ပြီး သူငယ်ချင်းတွေနဲ့ သားရေကွင်းပစ်ချင်တယ်။ ကြာလာတော့ အဲဒီလိုကိစ္စတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ ခေါင်းထဲမှာရှိတော့တယ်။ မိဘတွေရဲ့ စည်းကမ်းကို ဖောက်ချင်လာတယ်ပေါ့ဗျာ။ အဲဒါနဲ့ ကျနော် ခြောက်တန်းနှစ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ရေခိုးကူးကြတယ်။ အဖေတို့ အမေတို့ သိလို့ကတော့ မိုးမီးလောင်မယ့် ကိစ္စပေါ့။ အဲဒီနေ့က ကျနော်ကံမကောင်းခဲ့ပါဘူး။ ကျနော်တို့ကို အဖေတွေ့သွားခဲ့တယ်။ နောက်ဆက်တွဲ အကျိုးရလဒ်ကတော့ အရှိုးရာ ထင်အောင် ရိုက်ခံရတယ်ပေါ့ဗျာ။ အဲဒါက ကျနော့်ဘ၀မှာ ပထမဆုံးအရိုက်ခံခဲ့ရတဲ့နေ့ ... ^_^ .... (နောက်နေ့ဆက်ရေးမယ်နော်)

2 comments:
ဆက်ရေးနော်... ဒီထက်ကောင်းပြီး အတွေးပေးနိုင်တဲ့ ပို့စ်တွေလည်း ဆက်ရေးနိုင်ပါစေ။
မွေးပြီဆိုတာကြားရုံနဲ့ အဖျားပျောက်တယ်ဆိုတော့ အဖေ့ရဲ့မေတ္တာပေါ့ ... လိမ္မာနေတာအကောင်းသားဘာလို့ဆိုးချင်ရတုန်း ... ဆက်ရေးပါလေ ... ဖတ်ဖို့စောင့်နေတယ်
phu2
Post a Comment