Tuesday, July 20, 2010
နင် နဲ့ ငါ
ဘယ်သူတွေ ဘာပြောပြော
ကျနော့်လမ်းကို ဖောက်နေဆဲပါ .....
သင်ဟာ ငှက်ကလေးတစ်ကောင် ဆိုရင်ရော
ကျနော့်အတွက် တေးဆိုပေးဦးမှာလား .....
ကိစ္စတော့ မရှိပါဘူး
ဒုက္ခနဲ့ ကျနော်က ငယ်ပေါင်းတွေပဲလေ .....
ကြယ် တွေလိုပဲ လင်းလိုက်စမ်းပါ
(ငါ) ရဲရင့်ပေးပါ့မယ် .....
ဒီလိုပဲပေါ့
ချိုတစ်လှည့် ခါးတစ်လှည့်ဆိုတာ .....
Friday, April 30, 2010
အဝယ်တော်
အိပ်၍မရ
ထို တစ်ညကို
လွတ်မြောက်အောင်ကြံ
ကံ က ဆောင်သည်
သြော် ....
လက်ကျန်လေးကို
ပြန်တွေ့ပြီ။ ။
တွေ့ပြန်သော်ငြား
အဝင်က ခါး
စပ်ဖို့ 'ဆော်ဒါ'
အပြေးရှာသည်
'Tesco' ဆီသို့
ဦးတည်သည်။ ။
အပြုံးချိုဆောင်
ရောင်းသူတောင်မှ
မျက်နှာရှုံ့သည်
ပေးလိုက်မိသည့်
အကြွေစေ့တွေ။ ။
လကုန်ရက်မို့
ခွင့်လွှတ်ပါရန်
မဆိုချင်သော်လည်း
ရှေ့ကမျက်နှာ
နောက်ကိုပို့လို့
အောင်မြင်စွာနှင့်
ဆုတ်ခွာသည်။ ။
Wednesday, April 21, 2010
ကျနော့်ရဲ့ သင်္ကြန်ရက်များ
သူငယ်ချင်းတယောက်က အီးမေးလ်ကနေ တိတ်တိတ်လေး တဂ်လာတော့လည်း လက်ဆော့လိုက်ပါဦးမယ်။ ကျနော့်ရဲ့ သင်္ကြန်ရက်တွေအကြောင်းကို ရေးပါဆိုတာနဲ့ ရေးလိုက်ပါတော့မည် ခင်ဗျား ....................
စ ပါပြီ .....................း)
အရှည်ဆုံး ရုံးပိတ်ရက် ရှိတဲ့ ဧပရယ်လ်ကို ရောက်လာတော့လည်း ထုံးစံအတိုင်း ရုံးပိတ်ရက်ကိုပဲ မျှော်ရတာပေါ့ဗျာ။ လဆန်းပိုင်းမှာတော့ အစည်းအဝေးက နှစ်ရက်ဆက်တိုက် တက်လိုက်ရတယ်။ ရုံးမတက်ရဘူး ပေါ့၊ သင်္ကြန် ရုံးပိတ်ရက်က စနေ၊ တနင်္ဂနွေ အပါအဝင် စုစုပေါင်း ကိုးရက်ပိတ်တယ်။ 10 ရက်နေ့ကနေ 18 ရက်ထိ၊ အဲဒီမတိုင်ခင်ရှေ့မှာလည်း အစည်းအဝေးဆိုလို့ နှစ်ရက် ရုံးမတက်ဖြစ်လိုက်ဘူး။

အရင် ရုံးပိတ်ရက်တွေလို တော်တော် နောက်ကျပြီးမှကို အိပ်ယာက နိုးပါတယ်။ ဗိုက်လဲမဆာသေးတာနဲ့ စာအုပ်ပုံ မွှေလိုက်၊ ဂိမ်းဆော့လိုက်နဲ့ ၂ နာရီခွဲလောက် ကျတော့ မြန်မာထမင်းဆိုင်ကို အခန်းဖော် သူငယ်ချင်းနဲ့ ချီတက်ပါတော့တယ်။ ထမင်းစားပြီးပြန်လာတော့လည်း စာအုပ်ပဲ ဆက်ဖတ်၊ ဂိမ်းဆော့၊ အီးမေးလ်စစ်။ ရေတော့ နည်းနည်း စိုလိုက်တယ် ဒီနေ့အတွက် ................
သင်္ကြန်အကျနေ့ (၁၄ ရက်နေ့)
ညတုန်းက သူငယ်ချင်းတအုပ်နဲ့ လျှောက်လည်ကြဖို့ ပြောထားတာရှိတော့ အိပ်ယာက စောစောထဖြစ်တယ် (ကိုး နာရီလောက် ...း) ရေချိုးပြီးတော့ ကျနော်တို့အုပ်စုရဲ့ စုံရပ် မြန်မာထမင်းဆိုင်ကို သွားပါတယ်။ အခန်းဖော် သူငယ်ချင်း တိုက်တဲ့ ကော်ဖီ တဗူးကို ဘရိတ်ဖတ်အဖြစ်နဲ့ သောက်၊ ၁၅ မိနစ်လောက်စောင့်လိုက်တော့ ကျနော်တို့နဲ့ အတူတူလည်မယ့်သူတွေနဲ့ ကျနော်တို့ရဲ့ စီးတော်ယာဉ်ကြီး ရောက်လာပါတယ်။ ကားပေါ်မှာ ပါလာတဲ့ ပုံးတွေကို ရေဖြည့် .... လိုမယ်လို့ထင်တဲ့ ပစ္စည်းတွေယူပြီးတော့ ကျနော်တို့တွေ စ ထွက်ကြပါတယ်။
ချင်းမိုင် မြို့ရိုးတလျှောက်မှာလဲ ရေခဲတုံးတွေ၊ ရေပုံး၊ ရေခွက်၊ ရေပြွတ်သေနတ်၊ ဦးထုပ်တွေရောင်းနေတာလဲ ပြည့်ကျပ်နေပါတယ်။ ဆွန်တောက်လို့ခေါ်တဲ့ မြို့တံခါးနားမှာ ရေခဲတုံးတွေဝယ် ကျနော်တို့ ကားပေါ်မှာ ပါလာတဲ့ ရေပုံးတွေထဲကို စပြီး စိမ်ပါတယ်။ ပြီးတော့ ကားပေါ်ကနေပဲ တခြားသူတွေကိုပက်၊ တခြား ကားပေါ်က သူတွေကိုပက်၊ ရေခဲရေ ထိတော့ အော်သွားကြလိုက်ကြတာ မျိုးစုံပဲ။ တချို့ကလဲ အား ... တဲ့၊ တချို့ကျတော့ အိုး ..... တဲ့၊ တချို့တွေကျပြန်တော့လဲ အွီး .... အွေး .... အစုံပါပဲဗျာ။ အဲလိုတွေကြားတော့လည်း ကျနော်တို့ တကားလုံး ရယ်လိုက်ကြတာ သောသောကိုညံလို့ ................. (ကိုယ်တွေ ရေခဲရေနဲ့ ပြန်ပက်ခံရတော့လဲ အဲလိုပဲ အော်တာပါပဲ ... မထူးပါဘူး ....း)
နေ့လည်စာကိုတော့ မြန်မာထမင်းဆိုင်မှာပဲ ပြန်လာစားဖြစ်ကြပါတယ်။ ကျနော်တို့ကားပေါ်မှာ အားလုံးပေါင်း ရှစ်ယောက်၊ ထမင်းစားပြီးတော့ တယောက်တိုးလာတယ် ကိုးယောက်ဖြစ်သွားပါတယ်။ နေ့လည်ပိုင်းမှာတော့ ချင်းမိုင်မြို့ 700 stadium နားက ဟွေ့သင်းထောက် လို့ခေါ်တဲ့ ရေကန်အကြီးကြီးကို ရောက်သွားပါတယ်။ အဲဒီမှာ ရေကူး၊ ကျွတ်စီး၊ သင်္ဘောသီးထောင်းစားပြီး ပြန်လာတယ်။ ချင်းမိုင် Central Super Market ရှေ့က မဏ္ဍပ်ကို ညနေပိုင်း ခြောက်နာရီလောက် ပြန်ရောက်လာပြီးမှ ကကြ ခုန်ကြပေါ့ဗျာ။
တူးပို့ တူးပို့သံတွေ မပါတဲ့သင်္ကြန်
ရေနည်းနည်းနဲ့ပဲ ပက်တဲ့သင်္ကြန်
သံချပ်ထိုးးလို့ မရတဲ့သင်္ကြန်
သင်္ကြန်မရှိတဲ့ နေရာနဲ့စာရင်တော့
တော်သေးတာပေါ့ဗျာ ..........
သင်္ကြန် အကြတ်နေ့ (၁၅ ရက်နေ့)
မနေ့ကလူ၊ မနေ့ကကား (ယာဉ်မောင်းတော့ ပြောင်းသွားတယ်) နဲ့ပဲ ဆက်လည်ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ချင်းမိုင်ကနေ တနာရီခရီးလောက်ရှိမယ်ထင်တယ် ရေပူစမ်းကို သွားကြတယ်။ ရေပူစမ်း မရောက်ခင် ကျောက်ဂူတခုကို သွားကြသေးတယ်။ နာမည်တော့ မသိဘူး ..... တောင်ထိပ်တခုကနေ ဝင်ရတာ ... အဲဒီ ကျောက်ဂူထဲကို။ အဝင်ဝမှာ လူကြီးတယောက်က စားပွဲတလုံးပေါ်မှာ ဓါတ်မီးလေးတွေ တင်ပြီးတော့ ဝင်မယ့်သူတွေကို ငှားနေတယ်။ တလက်ကို ဘတ် ၂၀ တဲ့၊ ကိုယ်လည်း မရောက်ဖူးဘူးဆိုတော့ အထဲမှာ တော်တော်မှောင်မယ်ထင်လို့ ငှားလိုက်တယ်၊ ကျန်တဲ့သူတွေလဲ နှစ်ယောက် ၁ လက်၊ သုံးယောက် ၁ လက်နဲ့ ငှားကြတာပေါ့။ အထဲကိုရောက်တော့ ဓါတ်မီးအလင်းရောင်က မတိုးဘူးဖြစ်နေတယ်၊ မီးချောင်းတွေကြောင့်မို့ .. ကိုယ်တွေလဲ ခံလိုက်ရပြီဆိုတာ အဲဒီအချိန်မှပဲ သိတော့တယ်။
ကျောက်ဂူထဲမှာတော့ အပြင်ကရေစိုလာလို့ ပိုအေးနေသလိုရှိပါတယ်။ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်တုံး တွေကို ပုံဖော်ထားတာတွေကို အများဆုံး တွေ့ရပါတယ်။ အတွင်းပိုင်း တနေရာမှာ သူများတွေပြောကြတဲ့ နဂါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ ရှိတယ်တဲ့။ အဲဒါ သွားကြည့်လိုက်တော့ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ နဂါးရဲ့ ကိုယ်လုံးနဲ့ တော်တော်လေးကို ဆင်ဆင်တူပါတယ်။ ခေါင်းတွေဘာတွေကတော့ ဘယ်ရောက်နေလဲမသိဘူးပေါ့။ အဲဒီကနေ ရေပူစမ်းဆီကို ဦးတည်ကြပါတယ်။ သူငယ်ချင်းတွေက ကြက်ဥတွေ၊ ငုံးဥတွေဝယ်ပြီး ပြုတ်စားကြတယ်။ ကျနော်ကတော့ ၁၀ ဘတ်တန် အုန်းရည်သောက်ခဲ့တယ်။ ရေပူထဲမှာ ခြေထောက်စိမ်နေရင် ခြေထောက်ကိုက်တာတွေပျောက်ပြီး သွေးလှည့်ပါတ်မှု ကောင်းတယ်ဆိုလို့ သွားစိမ်တာ ... ရေထဲကို ချချလိုက်ခြင်းမှာ ဘယ်လိုမှနေလို့မရဘူး .. ပူကျစ်နေတာဗျာ၊ ချက်ခြင်း ပြန်ထုတ်ရတယ် ခြေထောက်ကို၊ ဖြည်းဖြည်းချင်းစိမ် .... ၂ မိနစ်လောက် ငြိမ်ငြိမ်လေးနေလိုက်တော့မှ နေသားကျသွားတယ်။ နေသားကျသွားတော့လဲ လှုပ်လို့မရဲဘူး ခြေထောက်ကို၊ လှုပ်လိုက်ရင် အရေခွံတွေကို လှန်ပစ်သလိုမျိုးခံစားရတယ်။ အဲဒီမှာ ရေနွေး (ရေပူဆိုရင် ပိုမှန်ပါလိမ့်မယ်) စိမ်ပြီးတော့ ပြန်ထုတ်လိုက်တာ နီရဲ နေတာပဲ ခြေထောက်တွေလေ .....
နေ့လည်ပိုင်း ရေပူစမ်းကပြန်လာတော့ ကျနော်တို့အသိ အကိုကြီးတယောက်က မုန့်ဟင်းခါးချက်တယ်၊ သွားစား ကြပါဆိုတာနဲ့ အုပ်စုလိုက် လိမ့်ကြတော့တာပေါ့။ မုန့်ဟင်းခါးကဗျာ ငါး အသားစတွေနိုင်နိုင် (ငါးဥတွေလဲ ပါသေးတယ်) လျှာဖျားမှာ ဆိမ့် နေတာပဲ .... ပြန်စဉ်းစားရင် ခုတောင် ပြန်စားချင်တယ်။ အဲဒီမှာ အဝ ဆွဲ ... ပြီးတော့ ချင်းမိုင် ကျုံးတလျှောက် ပြန်ပါတ် .... အဲဒီအချိန် ကျနော်တို့ကားက ရေပုံးတွေထဲမှာ ရေခဲမရှိတော့ဘူး ... ဆိုတော့ ကိုယ်ပက်တာတွေက သူများတွေကို မခြိမ်းခြောက်နိုင်ခဲ့ဘူး :P သူများတွေ ရေခဲရေနဲ့ ပက်တာကိုပဲ တအီးအီး တအိုးအိုးနဲ့ ခံခဲ့ရတာပေါ့ ......း(
အဲလိုပဲ လည်ရင်း လည်ရင်းနဲ့ တရက် ကုန်သွားပြန်ပါရောဗျာ ...........
(ရန်ကုန်မှာ ဗုံးကွဲတယ်ကြားတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရသေးတယ်)
သင်္ကြန် အတက်နေ့ (၁၆ ရက်နေ့)
ထိုင်းတွေက ဒီရက် ရောက်ရင် ရေမပက်ကြတော့ပါဘူး ............
အဲဒီတော့ အိမ်မှာပဲ၊ အိမ်ထဲမှာပဲ ပေါ့ဗျာ ..............
သင်္ကြန်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ ပိုက်ဆံအိတ်နဲ့ ဖုန်း ပျောက်သွားတယ်
တကိုယ်လုံး မည်းတူးသွားတယ် ........း((
(ဒီလိုသင်္ကြန်မျိုးနဲ့ နောက်တခါ မျက်စောင်းထိုးလေးတောင် မကြုံရပါစေနဲ့ ...)
သည်းခံပြီး ဖတ်ပေးသွားလို့ ကျေးဇူး အကြီးကြီး တင်ပါတယ်ဗျာ။ ဒီနှစ် သင်္ကြန်တော့ ဘန်ကောက်မှာ မငြိမ်မသက်တွေဖြစ်လို့ ချင်းမိုင်မှာ လာစည်ကားနေတယ်လို့တော့ ပြောကြတယ်ဗျ။
Monday, April 12, 2010
အိမ်ပြန်ချင်တယ် ....
စိတ်ထဲမှာ အိမ်ပြန်ချင်တာပဲ ရှိနေတယ်ဗျာ ....................
Sunday, March 28, 2010
ပေါ့ပေါ့ပါးပါး
ပထမလူ ။ ။ ငါ့ကံ ဆိုးပုံများကွာ။ အလုပ်မရခင် အရင်ဆုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။
ဒုတိယလူ ။ ။ ဘယ်လိုဖြစ်လို့တုန်း။
ပထမလူ ။ ။ အလုပ်သွားလျှောက်တာကွာ၊ ဘယ်နေရာမှာ လစ်လပ်နေသလဲလို့ ဝန်ထမ်းတွေ တယောက်ပြီးတယောက်ဆီကို လိုက်မေးတာ၊ အလုပ်ရှင်က တွေ့သွားတော့ မန်နေဂျာကိုခေါ်ပြီးမှ ဟိုကောင် အလုပ်ချိန်မှာ စကားပါတ်များနေတယ်၊ အလုပ်ထုတ်လိုက်တဲ့။
အချိန်ကောင်း
ရေဒီယိုသတင်းနားထောင်နေသော သမက်ဖြစ်သူကို ယောက္ခမက မေးလိုက်သည်။
ယောက္ခမ ။ ။ ဟဲ့ ... ရွှေဈေးတွေ ဘယ်လိုဖြစ်နေသလဲ။
သမက် ။ ။ ဘာလုပ်ဖို့လဲ။
ယောက္ခမ ။ ။ ငါငယ်ငယ်က ရွှေဆွဲပြားလေး မျိုချထားမိတယ်။ အဲဒါ ပြန်သွားထုတ်ရင် ကောင်းမလားလို့ ....
ကောင်းလိုက်တဲ့ မျက်လုံး
ကားတစီးက ဘတ်စ်ကားမှတ်တိုင်တခုကို တိုက်မိသဖြင့် ရဲက ယာဉ်မောင်းကို စစ်မေးနေချိန်ဖြစ်သည်။
ရဲ ။ ။ ခင်ဗျားက ဘာလို့ မှတ်တိုင်ကို ဝင်တိုက်တာလဲ။
ယာဉ်မောင်း ။ ။ မှတ်တိုင်က ဓါတ်တိုင်လောက် မတုတ်လို့ပါခင်ဗျာ။
ရဲ။ ။ အဓိပ္ပါယ်မရှိတာဗျာ၊ မှတ်တိုင်က မှတ်တိုင်လောက်ပဲ ရှိမှာပေါ့။
ယာဉ်မောင်း ။ ။ အဓိပ္ပါယ်ရှိပါတယ်ဗျာ။ ကျနော့်မှာ မျက်မှန် ပါမလာလို့ပါ။
အပေါင်းအသင်းတွေကြားထဲ ပြောဖြစ်တာလေးတွေကို ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျာ။
ရေးစရာ ပြတ်နေတာလဲ ပါတာပေါ့ .....း))
Sunday, March 14, 2010
သူငယ်ချင်း
(ငါ) မဖြေရှင်းပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်းရဲ့ ပြဿနာတွေကို ငါနားထောင်ပေးနိုင်တယ်
ပြီးတော့ နည်းလမ်းအသစ်တွေကို
ငါတို့ အတူစဉ်းစားကြတာပေါ့ ....
မင်းရဲ့ နာကျင်မှုတွေနဲ့ အတိတ်တွေ
မသေချာမှုတွေနဲ့ အနာဂတ်ကို
(ငါ) မပြောင်းလဲပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်း ငါ့ကို လိုအပ်လာရင်တော့
(ငါ) အချိန်မရွေး အဆင်သင့် ဖြစ်နေမှာပါ ....
မင်းရဲ့ ခြေလှမ်းတွေကိုလဲ
(ငါ) တားပိုင်ခွင့် မရှိပါဘူး ....
ဒါပေမယ့် မင်းပြုတ်ကျခဲ့မယ်ဆိုရင်တော့
ငါ့ရဲ့ လက်တစုံဟာ
မင်းအတွက် ဖြစ်ရပါစေမယ် ....
မင်းရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေဟာ
(ငါ) ပိုင်ဆိုင်တာ မဟုတ်ပါဘူး ....
ဘေးကနေပြီး
မင်းရဲ့ ရယ်သံတွေကိုပဲ
မျှဝေခံစားခွင့် ရှိတာပါ ....
မင်းရဲ့ ဆုံးဖြတ်ချက်နဲ့ မင်း ဘဝအတွက်
(ငါ) ဘာ အာဏာမှ မရှိပါဘူး ....
မင်းကို ပံ့ပိုးပေးရုံ၊ အားပေးရုံ
မေးခွန်းတွေအတွက် အဖြေတွေကို
စဉ်းစားပေးရုံလောက်ပဲ
(ငါ) တတ်နိုင်တာပါ ....
မင်းအတွက် စည်းမျဉ်း စည်းကမ်းတွေကို
(ငါ) ချပေးလို့ မရပါဘူး ...
ဒါပေမယ့် မင်းရဲ့ အတွေးအခေါ်တွေ
ရှင်သန်ဖို့၊ လတ်ဆတ်ဖို့ အတွက်
နေရာလေးတခုလောက်တော့
ငါရှာပေးနိုင်ပါတယ် ....
မင်းရဲ့ အသည်းကွဲ ဒဏ်ရာတွေကို
(ငါ) နားမလည်ပါဘူး ....
အနည်းဆုံးတော့
မင်းနဲ့အတူ ငိုကြွေးပေးလို့ရတယ်
မင်းရဲ့ အသည်းအပိုင်းအစတွေကို
နေရာတကျ ပြန်ထားဖို့တော့
(ငါ) တတ်နိုင်ပါတယ် ....
မင်း ဘယ်သူလဲ ဆိုတာကိုတော့
(ငါ) မသိပါဘူး ....
ဒါပေမယ့်
မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့လောက်ကိုတော့
(ငါ) တတ်နိုင်ပါတယ် ....
Portrait of a Friend ဆိုတဲ့ ကဗျာလေးကို
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
နဂိုမူရင်း ရေးသားသူကိုတော့
မသိရပါဘူး ခင်ဗျာ
Sunday, February 28, 2010
Why Worry ?
လောကမှာ ပူပန်စရာ နှစ်ခုပဲ ရှိပါတယ်။
ကျန်းမာတာနဲ့ မကျန်းမာတာ ဖြစ်ပါတယ်။
ကျန်းမာနေရင် ဘာမှ ပူစရာ မရှိတော့ဘူး။
မကျန်းမာရင်တော့ ပူစရာ နှစ်ခုရှိတယ်။
နေပြန်ကောင်းရင်ကောင်း၊
မကောင်းရင် သေသွားနိုင်တယ်။
နေပြန်ကောင်းသွားရင်တော့ ဘာမှပူစရာမရှိတော့ဘူးပေါ့။
သေသွားရင်တော့ ပူစရာနှစ်ခုရှိတယ်။
ကောင်းကင်ဘုံကို ရောက်သွားရင်တော့
ဘာမှပူစရာ မရှိတော့ဘူး။
ဒါပေမယ့် ငရဲကို ရောက်သွားရင်လဲ
မိတ်ဟောင်းဆွေဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး
အလုပ်တွေရှုပ်နေရမှာနဲ့
ပူနေဖို့အချိန်တောင် ရှိမှာ မဟုတ်တော့ပါဘူး။ ။
ဆရာ လူထုစိန်ဝင်းရဲ့ လူထုရနံ့ စာစုများဆိုတဲ့ စာအုပ်ထဲက ကဗျာလေးကို ပြန်ပြီး မျှဝေပေးလိုက်တာပါ။
ပူပန်ခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ ............
Tuesday, February 23, 2010
ဖြစ်နိုင်မယ်ဆိုရင်.....
Thursday, February 18, 2010
လရောင်ဝေး
Sunday, February 14, 2010
ဒေါသ ဆိုတာ
ဒေါသ ဆိုတဲ့အရာဟာ ပုံဆွဲယူလို့၊ ဓါတ်ပုံရိုက်ယူလို့ ရတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ ဒေါသနည်းနည်း ဖြစ်တာနဲ့ ဒေါသကြီးကြီးဖြစ်နေတာကို ဖြစ်ပေါ်နေတဲ့ဒေါသအရ ခွဲခြားနိုင်ပေမယ့် ဒြပ်ဝတ္ထုမပြနိုင်ပါဘူး။ ဒေါသ ဖြစ်လာရင်၊ ဒေါသစိတ် လူမှာဝင်လာခဲ့ရင် အများအားဖြင့် မျက်နှာနီမြန်းလာတတ်လို့ ဒေါသကို အနီရောင်လို့ ပဲ အကြမ်းဖျင်းသတ်မှတ်ကြပါတယ်။ ကျနော်အရင်တုန်းက ကြားဖူးတာတခုရှိပါတယ်။ အဲဒါကတော့ မွေးကင်းစ ကလေးတွေကို ငယ်ငယ်လေးကတည်းက အနီရောင်တွေနဲ့ပဲ ထိတွေ့ခိုင်းမယ် (ကလေးလေးရဲ့ အခန်းကို အနီရောင်ဆေးတွေသုတ်မယ်၊ သူ့ရဲ့ အနှီး၊ အ၀တ်တွေကို အနီရောင်ပဲ ၀တ်ဆင်ပေးမယ်၊ သူ့ပါတ်ဝန်းကျင်က အရာမှန်သမျှကို အနီရောင်တွေဖြစ်နေအောင် ဖန်တီးပေးထားမယ်) ဆိုရင် တရက်ထက် တရက်အသက်ကြီး လာတာနဲ့အမျှ သူ့ရဲ့ (အဲဒီ ကလေးလေးရဲ့) စိတ်ဓါတ်တွေလည်း ခက်ထန်လာတယ်၊ ကြမ်းကြုတ်လာတယ်လို့ သိပ္ပံ ပညာရှင်တွေ အတည်ပြုခဲ့တာကို ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် ဒေါသဆိုတာ မျိုးရိုးလိုက်တာမျိုးတော့ မဟုတ်ဘူးဗျ၊ တချို့အဖေတွေက ဒေါသကြီးပြီး၊ သားကျတော့ အေးလွန်း တာမျိုးတွေ တွေ့ဖူးကြပါလိမ့်မယ်။
ဒေါသစိတ်ဆိုတာ
- နားနဲ့အကြား
- မျက်စိနဲ့အမြင်
- လူနဲ့အထိမှာ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒေါသစကား
ဒေါသစကားတလုံး ကိုယ့်နှုတ်ကထွက်သွားတာ ပိုက်ဆံလဲမပေးရဘူး၊ လွယ်လဲ လွယ်တယ်၊ ဒါပေမယ့် အပြောခံရ သူများရဲ့ နားထဲမှာတော့ ခါးသီးပူစပ်လှပါတယ်။ အပြောခံရတဲ့သူဟာ တကိုယ်လုံး တုန်ခါသွားတဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။ ပြန်စဉ်းစားမိတိုင်းလဲ ပူလောင်နေမှာပါပဲ။ ဒေါသစကားကြားလို့ ဒေါသစိတ်ဝင်လာရင် ပြော သူရော၊ ပြောခံရတဲ့သူပါ စိတ်ယုတ် စိတ်ညံ့တွေဝင်လာတတ်ပါတယ်။ ဒေါသစိတ်ဝင်လာပြီဆိုရင် အမှားအမှန် ခွဲခြားလို့မရတော့ပါဘူး။ ကိုယ်ပြန်ပြောတဲ့ စကားလဲ ဒေါသစကားတွေ ဖြစ်လာမယ်။ ကိုယ်ပြန်လုပ်တဲ့ အလုပ်တွေ လဲ ဒေါသအလုပ်တွေဖြစ်ကုန်ရော။ ဒေါသစိတ်ဆိုတာဟာ ဖြည်းဖြည်းချင်းလည်း ပူးတတ်ပါတယ်။ ဟောခနဲ၊ ဒိုင်း ခနဲလည်း ၀င်ပြီးပူးတတ်ပါတယ်။ စ ပူးချိန်မှာလည်း ဘာကိုမှ သတိမရတတ်တော့ပါဘူး။ တချို့လူတွေဆို ဒေါသ၀င်ပူးတာ သိပ်မြန်ကြပါတယ်။ အသေးအဖွဲကိစ္စတွေ မှာလည်း ဒေါသဖြစ်တတ်ကြတယ်။ ကာယကံမြောက်မဟုတ်ဘဲ ဒေါသစကားကြောင့် တသက်လုံး စိတ်နာသွား တဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။
သစ္စာစကားရဲ့သက်တမ်းဟာရှည်တယ်။
ဒေါသစကားရဲ့သက်တမ်းဟာ ချက်ချင်းပျက်စီးပါတယ်။
ကိုယ့်ဒေါသစကားတွေကို ထိန်းနိုင်ခြင်းဟာ မွန်မြတ်တဲ့ အောင်နိုင်ခြင်းတမျိုးပါ။
ဒေါသအပြုအမူ
သေသေချာချာ ပြန်စဉ်းစားကြည့်ရင်ဒေါသအပြုအမူမှန်သမျှဟာ အောက် တန်းကျတယ်လို့ပြောလို့ရမယ်ဗျ။ ရုန့်ရင်းကြမ်းတမ်းစွာစကားပြောမယ်၊ ဆဲ မယ်၊ ဆိုမယ်၊ ကြုံးဝါးမယ်၊ ခြိမ်းခြောက်မယ်၊ ညစ်ညမ်းစုတ်ပဲ့စွာပြော မယ်ပေါ့။ ပြီးတော့ ရိုက်မယ်၊ ထိုးမယ်၊ သတ်မယ်၊ တဘက်က ကွဲပြဲအထိနာမှ အားရကျေနပ်မယ်။ ဒါတွေကို ဒေါသပြေလို့ ပြန်တွေးကြည့်မယ်ဆိုရင် ရှက်စရာသိပ်ကောင်းပါတယ်။ ဒေါသအပြုအမူကြောင့် သိက္ခာပျက် သမာဓိပျက် ဟန်ပျက် စီးပွားပျက် အပေါင်းအသင်းပျက်ပါပဲ။
ဒေါသကို ဘယ်လိုထိန်းမလဲ
ဒေါသဖြစ်လာပြီး ဒေါသနောကိုလိုက်မိမယ်ဆိုရင်တော့ အမှားတွေဆက်ဖြစ်မယ်။ အကုသိုလ်ဖြစ်မယ်။ ဆုံးရှုံး ကြေကွဲရမယ်။ ပူလောင်တဲ့ နောင်တတွေ ဖြစ်ရတော့မယ်။ ဒေါသကို ထိန်းတဲ့နေရာမှာလဲ အမျိုးမျိုးရှိပါတယ်။
- ခေါင်းကနေ ရေလောင်းပြီးချိုးလိုက်ပါ။
- ကိုယ်စိတ်ဝင်စားမယ့် စာအုပ်ကိုဖတ်နေလိုက်ပါ။
- တခြားလူတွေနဲ့စကားသွားပြောနေလိုက်ပါ။ (ဒေါသပြန်ဖြစ်ရမယ့် အကြောင်းတော့ မပြောနဲ့ပေါ့)
- ရုပ်ရှင်၊ ဘောလုံးပွဲ ကြည့်စရာ တခုခုသွားကြည့်နေလိုက်ပါ။
- အိမ်၊ ခြံသန့်ရှင်းရေး လုပ်နေလိုက်ပါ။
- ဘုရား၊ စေတီ တဆူဆူမှာ သွားထိုင်နေလိုက်ပါ။

- ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို အာရုံပြုလိုက်ပါ။
- မိမိဒေါသဖြစ်တဲ့လူနဲ့ လုံးဝမတွေ့မိအောင်ရှောင်ပါ။
- တရားရုံးတွေ၊ ထောင်တွေရောက်မှာကို ကြိုတွေးပါ။
- ဖြစ်ခဲ့တဲ့အကြောင်းမှာ သူပဲမှားမှား၊ ကိုယ်ကပဲမှားမှား အဲဒီအမှား စဖြစ်တာကိုတွေးပြီး ဆုံးဖြတ်ချင့်ချိန်ပါ။
- တခြားမြို့ရွာကို ခေတ္တခဏထွက်သွားနိုင်ရင်လည်းကောင်းပါတယ်။
ဒေါသကိုချုပ်တယ်ဆိုတာကို လွယ်လွယ်ပြောရရင် အတွေးကိုချုပ်တည်းတာပါပဲ။ ဒေါသဖြစ်မယ့်အတွေးကို ချုပ်နိုင်သမျှချုပ်ပါ။ မတွေးပါနဲ့။ ဖြေနိုင်သမျှ တရားနဲ့ဖြေပါ။ တွေးပြီးရင်းတွေးရင်း မလုပ်ပါနဲ့။ သူများချွတ်ယွင်း တာကိုလိုက်ပြီးစဉ်းစားမနေပါနဲ့၊ မိမိကိုယ်တိုင် မချွတ်ယွင်းဖို့က အရေးကြီးပါတယ်။ စိတ်ဆိုးတယ်ဆိုတာ မူလက ရှိနှင့်တာမျိုးမဟုတ်ပါဘူး။ စကားဟာ နည်းနည်းပဲ ပြောတာကောင်းပါတယ်။ ဒါပေမယ့် နည်းနည်းပဲ ပြောတဲ့ စကားဟာ ကောင်းရာမွန်ရာရောက်ဖို့အရေးကြီးပါတယ်။ ဒေါသစကားဖြစ်နေရင်တော့ နည်းနည်းပဲပြောပြော၊ များများပဲ ပြောပြော ဘယ်တော့မှ မကောင်းပါဘူး။ ပါးစပ်တပေါက်နဲ့ နားနှစ်ပေါက်ရှိတာကို ကြည့်ခြင်းအားဖြင့် တဆသာပြောပြီး နှစ်ဆနားထောင်ရမယ်ဆိုတာကို သတိထားပေးပါ။ စကားဝိုင်းတွေနဲ့တွေ့ရင် နားထောင်ချိန် အများဆုံးထားပါ။ ပြောချင်ရင် တဦးစကားဆုံးမှ ပြောပါ။ ဇွတ်မငြင်းပါနဲ့။ အငြင်းသန်လာရင် ကိုယ်ရည်သွေးတဲ့ စကားကပါစမြဲပါ။ ဒေါသစကားမျိုးပြောလာရင်တော့ ကိုယ့်စကားမှန်ပါလျက်နဲ့ အမှားတွေဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကိုဒေါသနဲ့ပြောတာမကြိုက်ရင် သူများကိုလည်းဒေါသနဲ့မပြောပါနဲ့။ မကောင်းတာကို ကိုယ်ကိုယ်တိုင် မကြိုက်ရင် တခြားလူလည်းကြိုက်မှာ မဟုတ်ဘူးဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ ကလေးတွေတောင်မှ ဒေါသနဲ့ ဆူပူဆုံးမရင် နားမ၀င်ကြတာများပါတယ်။ အဲဒါကြောင့် အကျိုးအကြောင်းနဲ့ ထောက်ပြီးစကားပြောဖို့ အလွန် အရေးကြီးပါတယ်။
အသိတရား (သတိ)
ဒေါသမထွက်အောင် အောင့်ထားနိုင်တာ...............
အသိတရား (သတိ)။
အဲဒါကြောင့် အသိတရား (သတိ) ရှိရင်တော့ ဒေါသဆိုတာ ကပ်နိုင်တော့မှာမဟုတ်ပါဘူး။
မြဲရှောင်ရှားမှ
အများချစ်ခင်
လူရာဝင်။
ကျနော်ကြိုက်တဲ့ ကဗျာတိုလေးကတော့
ဒေါသ၀င်က
ဝင်လာဒေါသ
အနိုင်ရအောင်
ဒေါသကင်းစင်
ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။ ။
(မင်းကွန်း ဆရာတော်ဘုရားကြီး)
Friday, February 12, 2010
ချော်လဲခြင်း
ဟိုးရှေးရှေးတုန်းက ရွာတရွာရှိတယ်တဲ့။
ရွာသူ၊ ရွာသားတွေအများစုဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါသတဲ့။
အပြစ်တခုခု လုပ်မိရင်လဲ အာပါတ်ပြန်ဖြေကြတယ်ပေါ့။
အဲဒီရွာရဲ့ ထူးခြားချက်ကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အရမ်းကို အဖြစ်များပါသတဲ့။
အဲဒီလိုမျိုးအမှုတွေ တခါဖြစ်တိုင်း ရွာသားတိုင်းဟာလည်း သင်းအုပ်ဆရာကြီးဆီကို သွားပြီး
အာပါတ်ဖြေကြတယ်။ဟိုတယောက်လာရင်လည်း ဘယ်သူနဲ့ မှားမိပြန်ပြီ၊
နောက်တယောက်လာလည်း ဘယ်ဝါနဲ့မှားမိပြန်ပြီ ဆိုတော့
သင်းအုပ်ဆရာကြီးလည်း နားကြားပြင်းကပ်လာတာပေါ့။
အဲဒါနဲ့ သင်းအုပ်ဆရာကြီးလဲ သူကြီးအိမ်ကိုသွား၊ အဲဒီမှာ ရွာသားတွေစု၊
ပြီးတော့ ရွာသားတွေကို သင်းအုပ်ဆရာကြီးက မှာတမ်းချွေပါတော့တယ်။
"အသင်ရွာသားတို့ နားထောင်ကြပါ။
အသင်တို့တွေ အပြစ်တခုခု လုပ်လာတိုင်း ကျွန်ုပ်ထံမှာ အာပါတ်လာဖြေကြတာကတော့
ကျွန်ုပ်တို့ဘာသာရဲ့ ထုံးစံတခုဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေး ဖောက်ပြန်တဲ့ကိစ္စကို
ကျွန်ုပ်ကြားရတာ များလာတော့
သိပ်ပြီးတော့မှ မကြားချင်တော့ဘူး။ ဒါပေမယ့် အသင်တို့ကို အာပါတ်ဖြေပေးရမယ့်
တာဝန်လည်း ကျွန်ုပ်မှာရှိတယ်။
ဒါကြောင့်မို့လို့ သင်တို့တွေကို ကျွန်ုပ် တခုပြောထားပါရစေ။ အဲဒါကတော့ တကယ်လို့
သင်တို့တွေ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်မိခဲ့ပြီး
ကျွန်ုပ်ဆီကို အာပါတ်ဖြေဖို့လာကြရင်၊ စကားလုံးကို တည့်တည့်မပြောဘဲနဲ့
ချော်လဲခဲ့မိတယ်လို့ပဲ သုံးနှုံးပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့
ရွာသားတွေကို မှာထားလိုက်တယ်။
သင်းအုပ်ဆရာကြီးလည်း အရင်တုန်းလို ဖောက်ပြန်မိတယ်၊ မှားခဲ့မိတယ်လို့
ဆက်မကြားရတော့ဘဲ ချော်လဲခဲ့တယ် လို့ပဲ
ကြားလာတော့ နားထောင်ရတာ တော်တော်လေး အဆင်ပြေလာပါသတဲ့။
ခြောက်လလောက်နေတော့ သင်းအုပ်ဆရာကြီးလဲ ရုတ်တရက်သေဆုံးသွားပါတယ်။
သင်းအုပ်ဆရာကြီးသေဆုံးသွားလည်း ရွာသားတွေကြားမှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ
ရပ်မသွားပါဘူးတဲ့ (တော်တော်ဆိုးတဲ့သူတွေပဲနော် ... :P)
သူ သေဆုံးသွားတော့သူ့နေရာကို အစားထိုးဖို့ သင်းအုပ်ဆရာအသစ်တဦး
ရောက်လာပါတယ်။ ရွာသားတွေကလည်း
သူတို့တွေရဲ့ ချော်လဲမှုတွေကို သင်းအုပ်ဆရာအသစ်ဆီမှာ
သွားပြီး အာပါတ်ဖြေမြဲဖြေနေကြတာပေါ့။ ချော်လဲတဲ့
အကြောင်းချည်းပဲ ကြားနေရတော့ သင်းအုပ်ဆရာကြီးလည်း သူကြီးကို သွားတွေ့ပါတော့တယ်။
သင်းအုပ်ဆရာ။ ။ သူကြီး ... ခင်ဗျားအလုပ် ..... ခင်ဗျားမလုပ်ဘူးပဲ။
သူကြီး။ ။ ဘာဖြစ်လို့လဲ သင်းအုပ်ဆရာကြီးရ။
သင်းအုပ်ဆရာ။ ။ ဘာဖြစ်ရမှာလဲ ခင်ဗျားရွာထဲကလူတွေအားလုံးလိုလိုပဲ
ကျုပ်ဆီကို ချော်လဲတယ်လို့ လာလာပြောကြတယ်။ အဲဒါ ခင်ဗျားရွာထဲကလမ်းတွေ မကောင်းလို့ပေါ့ဗျ
သင်းအုပ်ဆရာကြီးရဲ့စကားကိုကြားတော့ သူကြီးက ဟက်ဟက်ပက်ပက် ထ ရယ်ပါတော့တယ်။
ဟုတ်တယ်လေ သင်းအုပ်ဆရာအသစ်က ချော်လဲတဲ့ကိစ္စကို မသိသေးဘူးလေနော်။
သူကြီးကလည်း ဒါလေးတောင်မသိတဲ့ဘုန်းကြီး
ဆိုပြီးမှ အတောမသတ်နိုင်အောင် ရယ်နေတာပေါ့။ သူကြီးရယ်နေတာကို သင်းအုပ်ဆရာကြီး ကြည့်ပြီးတော့
စိတ်မရှည်တဲ့လေသံနဲ့
"ခင်ဗျား ရယ်မနေနဲ့... ခင်ဗျားမိန်းမလဲ ချော်လဲတယ်လို့ ကျုပ်ကိုလာပြောတာ ဒီမနက်တင်သုံးခါရှိပြီ ......"
OOPZ!
Monday, February 8, 2010
အဖြူ
ငုတ်တုတ် သေဆုံးတဲ့ည
နင်မှ မရှိဘဲ
ခုန်ဆင်းတော့မလို
ကြယ်တွေတောင်တန့်
စိန့်ပီတာဆီက
ခွင့်ပြုချက် မရသေးလို့ပါ တဲ့
အရူးဆိုတာကရော
တောင်ပံနဲ့လား
ငါသိချင်လို့ပါ
မဟော်သဓာကရော
ဆုံးဖြတ်ပေးနိုင်မှာ မို့လို့လား
ငါ ..............
လွမ်းလို့ပါဟာ ..............
Friday, February 5, 2010
ခက်ထန်လွန်းသော ဘ၀များအတွင်းနေထိုင်ခြင်း (ဇာတ်သိမ်း)
Monday, January 18, 2010
ခက်ထန်လွန်းသော ဘ၀များအတွင်းနေထိုင်ခြင်း (၃)
ကိုင်ရိုမှာရှိတဲ့ ဆူဒန်အသိုင်းအ၀ိုင်းက ကျနော်တို့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ပြောလာကြပါတယ်။ ကျနော်တို့ လူပျောက်လေးတွေလည်း တခြားသူတွေ၊ တခြားအဖွဲ့တွေနဲ့ ရန်ဖြစ်တာ၊ တိုက်ခိုက်တာတွေကို ရပ်တန့်လိုက်ပါတယ်။ ကျနော်တို့ ဘာမှဆက်မလုပ်တော့ဘူးဆိုပေမယ့်လည်း တခြားသူတွေကမှ မရပ်ကြတာလေ။ သူတို့တွေက ကျနော်တို့အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေဆဲပါ။ သူတို့တွေ ရန်ပြုလာပြီ ဆိုမှတော့ ကျနော်တို့တွေလဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်မိပါတယ်။ ကျနော်တို့တွေ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘောနဲ့ ပြန်ပြီးတိုက်ခိုက်ရတယ်ဆိုတာ ကျနော်တို့ရဲ့မိဘတွေ၊ လူကြီးသူမတွေက ကျနော်တို့အပေါ် နားလည်သဘောပေါက်ပေးမယ်ဆိုရင် ကောင်းမှာပဲဗျာ။
ကျနော်တို့လူပျောက်လေးတွေနဲ့ ကိုင်ရိုမြို့က တခြားဂိုဏ်းတွေရဲ့ ကွာခြားချက်တွေအများကြီးရှိပါတယ်။ သူတို့တွေဟာ ဆူဒန်အစိုးရရဲ့ အမျိုးသားကွန်ဂရက်ပါတီကနေ ငွေနဲ့အခြားအထောက်အပံ့တွေရပါတယ်။ အဲဒီပါတီက ခိုင်းတာတွေ လုပ်ရတာပေါ့။ ဥပမာဗျာ မူစတာဖာမာမွတ် ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတုန်းကဆိုရင် ကျနော်တို့လူပျောက်လေးတွေမဟုတ်တဲ့ အခြားဂိုဏ်းကလူငယ်တွေကို အခကြေးငွေပေးပြီးတော့ ဆန္ဒပြတဲ့ လူစုထဲကို စေလွှတ်ပါတယ်။ ပြီးတော့ သိကြတဲ့အတိုင်းပဲ အခြေအနေကို ရှုပ်ထွေးသွားအောင်ခိုင်းတာပေါ့။ အများရဲ့ အမြင်မှာ ဆန္ဒပြနေတဲ့သူတွေဟာ မကောင်းပါဘူးဆိုတာကို မြင်သွားအောင်လုပ်ခိုင်းတာလေ။
ကိုင်ရိုမြို့က တချို့တချို့သော လူတွေကတော့ ကျနော်တို့ကို ကူညီကြပါတယ်။ ကိုင်ရိုကိုရောက်နေတဲ့ ဆူဒန်သား ဂျက်ကော့ဘ် (Jacob) ဆိုတဲ့သူက ကျနော်တို့အဖွဲ့ကို အတော်လေးကူညီတဲ့သူ တယောက်ပါ။ ကျနော်တို့တွေကို အမေရိကန် တက္ကသိုလ် က အင်္ဂလိပ်စာသင်တန်းမှာ တက်ခွင့်ကြဖို့ကို သူကပဲ စည်းရုံးခဲ့တာပါ။ ဒါပေမယ့်ဗျာ တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့မရလောက်အောင် မုန်းနေကြတဲ့သူတွေကို အခန်းတခန်းထဲမှာ စာအတူသင်ခိုင်းတယ်ဆိုတာ ဘယ်လောက်ခက်ခဲလိုက်မလဲ။ အဲဒါကြောင့်မို့လို့ ဆိုးသွမ်းဂိုဏ်းက လူငယ်တွေရော၊ လူပျောက်လေးတွေရော ဘယ်သူမှ အဲဒီသင်တန်းကို မတက်ခဲ့ကြပါဘူး။ ကျနော်ကတော့ တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော်ဟာ လူပျောက်လေး အဖွဲ့ထဲကို မရောက်သေးဘူးလေ။ နောက်ကျတော့ ဂျက်ကော့ဘ်ဟာ ကျနော်တို့ ဒင်ဂါ လူငယ်လေးတွေအတွက် အင်္ဂလိပ်စာ သင်တန်း လေးတွေကို ရပ်ကွက်ထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ ကျနော်တို့တွေအတွက် အများကြီးအသုံးဝင်တယ်ဆိုတာ အကုန်လုံးက လက်ခံကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီသင်တန်းလေးတွေ ဟာပိတ်ခံလိုက်ရပါတယ်။ အကြောင်းရင်းကိုတော့ ကျနော်မသိခဲ့ပါဘူး။
ကျနော်တို့လူပျောက်လေးတွေ ဆုံမိကြပြီဆိုရင် ပါတီခဏခဏ ကျင်းပဖြစ်ကြပါတယ်။ အဲဒီလိုမျိုးပွဲတွေ ကျနော်တို့ လုပ်ကြပြီဆိုရင် ညစ်ညမ်းသီချင်းတွေ၊ ဟစ်ပ်ဟော့ပ်သီချင်းတွေ ဖွင့်မယ်။ ကျနော်ကတော့ သီချင်းနှေးနှေးလေးတွေ ကိုပိုသဘောကျပါတယ်။ ကျနော်တို့ကို သက်တောင့်သက်သာ ရှိစေတယ်လေ။ ပြီးတော့ ကောင်မလေးတွေနဲ့ ကမယ်ဆိုရင်လည်း သီချင်းအေးတွေကပဲ ပိုသင့်တော်တယ်မဟုတ်လား။ Celine Dion, Mariah Carey နဲ့ Bob Marley တို့ဟာ ကျနော့်ရဲ့ အသည်းစွဲအဆိုတော်တွေပေါ့။ သိပ်မကြာခင်တုန်းက ကျနော့်မှာ ရည်းစားတယောက်ရှိခဲ့ဖူးပါတယ်။ သူမကို ရပ်ကွက်ထဲကလူတွေက အဘွတ်ခ် (Abuk) လို့ ခေါ်ပါတယ်။ သူမ ဆူဒန်ကိုပြန်သွားတာ မကြာသေးပါဘူး။ သူမ ပြန်သွားပြီး နောက်ပိုင်းမှာ ကျနော်နောက်ထပ် ရည်းစားထားဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ကျနော့်ရည်းစားလောက် ကောင်းတဲ့ မိန်းကလေးမျိုးကို ကျနော်ခုထိ ရှာလို့မတွေ့ခဲ့ပါဘူး။
ကျနော့်ကို ကျနော်လူပျောက်လေးဆိုပြီး ခံယူလိုက်တဲ့နောက်ပိုင်းမှာတော့ လူပျောက်လေးတွေအတိုင်းပဲ ကျနော်ဝတ်ဆင် ပါတယ်။ အင်္ကျီက တီရှပ်အဖြူရောင်ကို အဓိကထားပြီး ၀တ်ကြပါတယ်။ အဖြူရောင်က ဘယ်အရောင်နဲ့ပဲတွဲတွဲ လိုက်ဖက်တယ်လေ။ အဲဒီတီရှပ်အပေါ်မှာမှ ဘတ်စကက်ဘောကစားတဲ့ အားကစားအင်္ကျီကို ထပ်ဝတ်ကြပါတယ်။ ပြီးတော့ အနက်ရောင် ဘောင်းဘီပွပွ၊ ဘတ်စကက်ဘော ကစားရင်ဝတ်တဲ့ဖိနပ်။ ဒါတွေက ကျနော်တို့ လူပျောက်လေးတွေ ၀တ်ဆင်တတ်တဲ့ အ၀တ်အစားတွေပါပဲ။
လူပျောက်လေးတွေ အများစုဟာ အရက်နဲ့ မကင်းကြပါဘူး။ ဒါပေမယ့် ကျနော့်အတွက်တော့ အရက်ဆိုတာ ရှောင်ကြဉ်စရာ လို့ပဲ မြင်မိပါတယ်။ တချို့တွေများဆိုရင် မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ကြပါတယ်။ ဆေးလိပ်ဆိုရင်လဲ သောက်လိုက်တာ ထောင်းထောင်းကိုထနေတာပါပဲ။ ကျနော်အရက်မသောက်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီး ဘယ်သူမှတော့ ကျနော့်ကို ပြသနာမရှာကြပါဘူး။
ကျနော့်ကိုကျနော် လူပျောက်လေးစာရင်းထဲ သွင်းလိုက်ကတည်းက ကျနော့်အတွက် အများကြီး အဆင်ပြေလာပါတယ်။ သူတို့တွေနဲ့မို့လို့ ကျနော်မပျင်းရတော့ပါဘူး။ ပြီးတော့ သူတို့တွေဟာလည်း ကျနော့်ရဲ့ ညီအစ်ကိုအရင်းသဖွယ် ဖြစ်လာပါတယ်။ ကျနော့်ကို စိတ်ရှုပ်ထွေးနေစေတဲ့ အကြောင်းကတော့ လတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေ တွေပါ။ ပထမတုန်းကတော့ ကျနော်တို့ဆူဒန်မှာ မငြိမ်မသက်ဖြစ်လို့ ကိုင်ရိုကို ပြေးလာကြတယ်။ ကျနော်တို့ ဒီကိုရောက်တော့ ဒီမှာက ရှုပ်ထွေးပြီး ဟိုမှာက ပြန်အေးချမ်းနေပြန်ပြီ။ ဘယ်အရာကို ယုံကြည်ရမလဲဆိုတာကိုလဲ ကျနော်မစဉ်းစားတတ်တော့ပါဘူး။ နောက်တခုကတော့ ကိုင်ရိုမှာရှိတဲ့ ဆိုးသွမ်းလူငယ်လေးတွေကို ကြည့်လိုက်။ ဘယ်ဂိုဏ်းကလူငယ်ပဲ ဖြစ်ဖြစ် ကျနော်တို့အားလုံးက မျိုးနွယ်စုတခုတည်းပါ။ ဘာဖြစ်လို့ ကျနော်တို့တွေ အခုလိုမျိုး တယောက်နဲ့ တယောက်မုန်းတီးနေကြရတာလဲ။ အရင်ကလိုမျိုး ကျနော်တို့ရဲ့ ဆက်ဆံရေးတွေ ပြန်ပြီး အေးချမ်းနိုင်စရာ အကြောင်းမရှိတော့ဘူးလား။
ကိုင်ရိုမှာရှိတဲ့ ဆိုးသွမ်းဂိုဏ်းတွေဟာ တယောက်ကိုတယောက်ခွင့်လွှတ်ကြဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ နှစ်ဖက်စလုံးကို စေ့စပ်ပေးမယ့် ကြားခံလူဆိုတာလည်း လိုအပ်ပါတယ်။ ဒီကိစ္စဟာ တော်တော်ကို ခက်ခဲမယ်ဆိုတာ ကျနော် နားလည်လို့ ရပါတယ်။ ကျနော်တို့တွေဟာ အလွန်ကို ခက်ထန်တဲ့ ဘ၀တွေထဲမှာ နေထိုင်ကြရတာပါ။ ဘယ်သူကမှ ပြသနာကို ကူညီပြီး မဖြေရှင်းပေးကြဘူးဆိုရင် အကြမ်းဖက်မှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေအုန်းမှာပါပဲ။
<ဆက်ပါဦးမည်။>
/Out of Exile ဆိုတဲ့ စာအုပ်ထဲက
We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို
ဘာသာပြန်ထားခြင်းဖြစ်ပါတယ်/
Wednesday, January 6, 2010
ခက်ထန်လွန်းသော ဘ၀များအတွင်း နေထိုင်ခြင်း (၂)

မနှစ်တုန်းကအမေရိကန်တက္ကသိုလ်မှာ အခမဲ့အင်္ဂလိပ်စာ သင်ပေးတုန်းက အဲဒီသင်တန်းကို လူပျောက်လေးတွေ တော်တော်များများ တက်ကြပါတယ်။ အင်္ဂလိပ်စာ တတ်ချင်တဲ့ ကျနော်လည်း တက်ခဲ့ပါတယ်။ သင်တန်းပြီးလို့ အိမ်ပြန်တဲ့အချိန်တွေများမှာဆိုရင် အခြားဂိုဏ်းကလူတွေက ကျနော့်ဆီကို လာပြီး လူပျောက်လေးတွေ အကြောင်းမေးတတ်ပါတယ်။ သူတို့တွေက ကျနော့်ကို လူပျောက်လေးတွေထဲကတစ်ယောက်လို့ ထင်ထား ကြလို့ပါ။ ကျနော်ဘယ်လိုပဲ မသိဘူး၊ မသိဘူးပြောပါစေ၊ သူတို့တွေ ကျနော့်ကို မေးမြဲမေးနေခဲ့ပါတယ်။ ဘယ်လိုပဲ ပြောပြော ဆက်ပြီးမှအနှောက်ယှက်ခံနေရဆဲပါ။ နောက်ဆုံးတော့ အဲဒီ အင်္ဂလိပ်စာသင်တန်းကနေ ကျနော်ထွက်လိုက်ပါတယ်။
တခြားဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုက တနေ့တခြား ပိုပြီးဆိုးလာပါတယ်။ ဂိုဏ်းတွေ အချင်းချင်း တိုက်ခိုက်မှုတွေ လည်း ပိုများလာပါတယ်။ ကျနော့်မျက်စိရှေ့မှာပဲ အဲဒီလိုတိုက်ခိုက်မှုတွေ၊ ဒဏ်ရာရသွားတဲ့လူတွေ၊ သွေးသံ ရဲရဲတွေ ကိုမြင်ရတဲ့ အကြိမ်တွေလဲ ပိုပိုများလာပါတယ်။ ပြီးတော့ တခြားဂိုဏ်းတွေကနေ ကျနော်တို့နေတဲ့ ရပ်ကွက်ကို သူလျှိုတွေပို့ပြီး လူပျောက်လေးတွေ အကြောင်းစုံစမ်းခိုင်းတတ်ပါတယ်။ လူပျောက်လေးတွေနဲ့ စကားသွားပြီး ပြောနေကျဖြစ်တဲ့ ကျနော့်ကိုလည်း လူပျောက်လေးတွေထဲက တစ်ယောက်လို့ ယူဆကြတာလဲ မလွန်ပါဘူး။
2007 မှာဖြစ်မယ်ထင်တယ်။ ကျနော့်ကိုယ်ကျနော် လူပျောက်လေးဆိုပြီး ခံယူလိုက်တာပါ။ အဲဒီလို ဖြစ်သွားတာလဲ သိပ်ပြီးမှ စိတ်ပါလို့တော့ မဟုတ်ပါဘူး။ လူပျောက်လေးတွေဆီကနေ အကာအကွယ် ရနိုင်တယ်လေ။ တခြားဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်စရာမလိုတော့ပါဘူး။ တခြား လူပျောက်လေးတွေလိုပဲ ကျနော်လဲ ဓါးကိုင်တတ်လာတယ်၊ သူတို့တွေရဲ့ တိုက်ပွဲတွေမှာ လိုက်ပါတတ်လာပါတယ်။

ကျနော်တို့လူပျောက်လေးတွေမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ကျနော်တို့ လုပ်ချင်ခဲ့တာတွေ၊ ကျနော်တို့ ဖြစ်ချင်ခဲတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်ခဲ့တာတွေ တစ်ခုမှ ဖြစ်မလာပါဘူး။ တချို့လူပျောက်လေးတွေက ၀င်ငွေပုံမှန်လေးရမယ့် အလုပ်လုပ်ချင်ကြတယ်၊ တချို့တွေက ပညာသင်ချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ အလုပ်မခိုင်းကြပါဘူး။ တကယ်လို့ ခင်ဗျားမှာလည်း ဘာမှလုပ်စရာမရှိဘူးဆိုရင် တစ်နေကုန်ကို ဘာမှမလုပ်ဘဲနဲ့ အချိန်ဖြုန်းမိနေမှာပါ။ ကျနော်တို့တွေလည်း အဲဒီလို ဖြစ်နေကြတာပါ။
ကျနော်တို့တွေ လမ်းမတွေပေါ်မှာ၊ လမ်းဘေးတွေမှာ ရပ်ပြီး ရောက်တတ်ရာရာစကားတွေ ပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ဘာမှ ထွေထွေထူးထူးတော့ မပါပါဘူး။ ကျနော်တို့ သီချင်းတွေအကြောင်း ပြောကြမယ်၊ ကောင်မလေးတွေအကြောင်း ပြောကြမယ်၊ ဘတ်စကက်ဘော ကစားနည်းအကြောင်း ပြောကြမယ်၊ ဒါလောက်ပါပဲ။ တခါတလေကျရင်တော့ ရန်ဖြစ်၊ တိုက်ခိုက် ကြရတာပေါ့။ ကျနော်တို့တွေဟာ တခြားရပ်ကွက်က လူတွေနဲ့ တိုက်ခိုက်ဖြစ်ကြပါတယ်။ ကျနော်တို့တွေ ကိုယ့်ရပ်ကွက်မှာကိုယ် နေပေမယ့်လည်း တခြားရပ်ကွက်က ဂိုဏ်းတွေက ကျနော်တို့ဆီကို တမင်လာပြီး တိုက်ခိုက်တာမျိုးတွေလည်း ကြုံရပါတယ်။ အခြေအနေမကောင်းရင်တော့ ကျနော်တို့ဝှက်ထားတဲ့ လက်နက်တွေယူပြီး ပြေးကြရပါတယ်။
ကျနော်တို့အဖွဲ့တွေ တခြားသူတွေကို တိုက်ခိုက်ပြီဆိုရင်လည်း တခြားသူတွေ ဒဏ်ရာရမှာကို ကျနော် မလိုလားပါဘူး။ ကျနော့်ဓါးကို အသုံးပြုပြီး တိုက်ခိုက်ရတယ်ဆိုပေမယ့် သူတို့တွေကို ဓါးပြားနဲ့ပဲ ရိုက်လေ့ရှိပါတယ်။ တခါတလေကျရင် ထိုးကြိတ်ကန်ကျောက်တာလောက်နဲ့ပဲ ပြီးသွားပါတယ်။ ကျနော့်ရဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က တခြားသူတွေရဲ့ လက်နက်ကို ရယူယုံတင်ပါ။ ခိုးဝှက်ပြီး ယူရတာကိုတော့ ကျနော်မကြိုက်ပါဘူး။ ဒါပေမယ့် တချို့သောလူပျောက်လေးတွေ လုပ်ကြပါတယ်။
ရဲတွေနဲ့ ကျနော် နှစ်ကြိမ်ပါတ်သက်ခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်တုန်းက ကျနော့်ရဲ့ နိုင်ငံကူးလက်မှတ် ပျောက်သွားလို့ပါ။ ဒါပေမယ့် ဘယ်ရဲသားကမှ အဲဒါကို ပြန်မတွေ့ခဲ့ပါဘူး။ ဒုတိယ တစ်ကြိမ်ကျတော့ အခြား ဆူဒန်သားတွေက အီဂျစ်တွေကို တိုက်ခိုက်တဲ့အမှုနဲ့ပါတ်သက်ပြီး ကျနော်တို့ရပ်ကွက်ကလူတွေကို လာဖမ်းတဲ့ ကိစ္စပါ။ အဲဒါဟာ အမှားဖြစ်နေခဲ့တာပါ။ ရဲတွေဖမ်းချင်နေတဲ့ ဆူဒန်သားတွေဟာ ကျနော်တို့မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လျင်လျင်မြန်မြန်ပဲ ကျနော်တို့ဟာ ပြသနာကောင်တွေ မဟုတ်ဘူးဆိုတာကိုသိလို့ ရဲစခန်းမရောက်ခင်မှာပဲ ကျနော်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
<ဆက်ပါဦးမည်>

We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို
ဘာသာပြန်ထားခြင်းဖြစ်ပါတယ်/
Tuesday, December 29, 2009
ခက်ထန်လွန်းသော ဘ၀များအတွင်း နေထိုင်ခြင်း (၁)

ကျနော့်အမေက သာမန်အိမ်ရှင်မ တစ်ယောက်ပါ။ အဖေကတော့ ဆူဒန် စစ်တပ်က အရာရှိတစ်ယောက် ဖြစ်ပါတယ်။ တောင်ပိုင်းသား အများစုဟာ ဆူဒန်အစိုးရအတွက် အလုပ်လုပ်ကြပါတယ်။ အစိုးရက ပေးတဲ့ အလုပ်ဆိုတော့ သူတို့အတွက် အလုပ်ကောင်းပေါ့။ အဖေဟာ အမေ့လိုမျိုး နောက်ထပ် မိန်းမ တစ်ယောက်ကို လက်ထပ်ခဲ့ပါသေးတယ်။ ကျနော်ကတော့ အမြဲတမ်းလိုလို အဖေ့အနားမှာ နေခွင့် ရခဲ့ပါတယ်။ အဖေ့ကို လူအေးကြီး တစ်ယောက်လို့ ပြောလို့ ရပါတယ်။ ဒေါသထွက်တယ်ဆိုတာကို သူ့အတွက် အလွန် ခက်ခဲတဲ့ အလုပ်တစ်ခုလို့ ထင်ထားတဲ့သူပါ။ ဒေါသထွက်ရင်လဲ ကြမ်းတမ်းတဲ့ လူတစ်ယောက်ပုံစံကို တစ်မဟုတ်ချင်း ပြောင်းသွားတော့တာပါပဲ။ ကျနော်တို့ မောင်နှမ ဆယ့်လေးယောက်စလုံး အဖေနဲ့အတူ နေထိုင်ကြပါတယ်။ အားလုံးလိုလိုက ပြသနာတွေ ကိုယ်စီနဲ့ပေါ့။ အဲဒီပြသနာတွေကို ဘယ်သူနဲ့ ပူးပေါင်းပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အဖေက ကျနော်တို့ကို အမြဲတမ်းလိုလို လမ်းညွှန်တတ်ပါတယ်။ အဲဒီလိုနဲ့ပဲ ကျနော်တို့ အိမ်လေးဟာ အမြဲ အေးချမ်းနေခဲ့ပါတယ်။
ကာ့တ်တုမ်မြို့မှာ နေတုန်းကဆိုရင် ကျနော့်အသက် ဆယ့်နှစ်နှစ် မရောက်မချင်း ကျနော် ကျောင်းမတက် ဖြစ်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် ရုန်းကန်နေရလို့ပါပဲ။ ကျောင်းတက်ရပြန်တော့လဲ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်နေရဆဲပါ။ ကျောင်းအပ်ဖို့နဲ့ ကျောင်းဝတ်စုံတွေအတွက် လုပ်ရတာပေါ့ဗျာ။ ကျနော့်အလုပ်တွေကတော့ ဈေးကို အဓိကထားပြီး လုပ်ရတဲ့ အလုပ်တွေပါ။ တစ်ခါတလေဆိုရင် သောက်ရေရောင်းတယ်၊ တစ်ခါတလေ ကျပြန်တော့ ပလတ်စတစ် အိတ်တွေ ရောင်းပါတယ်။
ဘတ်စကက်ဘော ကစားနည်းဟာ ကျနော်အကြိုက်ဆုံး ကစားနည်းတစ်ခုပါ။ အားကစား ၀တ်စုံတွေဝယ်ဖို့လဲ ကျနော် အမြဲတစေ အားထုတ်နေတတ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းကဆိုရင် ကျနော့်ကစားဖော် တွေ ဟာဘောလုံးပဲ အကန်များကြပါတယ်။ ကျနော်ကတော့ ဘောလုံးကို လက်နဲ့ပစ်၊ လက်နဲ့ဖမ်း၊ လက်နဲ့ ဂိုးသွင်း ရတာကိုပဲ နှစ်သက်နေခဲ့တာပါ။ ဘတ်စကက်ဘော ကစားကြပြီဆိုရင် ကျနော်ဟာ အမြဲတမ်းလိုလို ဖန်တီးသူ (play maker) နေရာမှာ ကစားဖြစ်ပါတယ်။ အမေရိကမှာတော့ အမှတ်စောင့် (point guard) လို့ ခေါ်မလားပဲ။ မာနူတီဘိုလ် (Manute Bol) လို့ခေါ်တဲ့ ကျနော့် ဦးလေးကတော့ အမေရိကန်မှာ လက်ရှိ ဘက်စကက်ဘော ကစားနေတဲ့သူပါ။ ကျနော့်အမေဆိုရင် အချိန်အတိုင်းအတာ တစ်ခု အထိ နှလုံးရောဂါကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ အမြဲတမ်းလိုလို မောနေတတ်တာပေါ့။ ကျနော့်အဖေ ငွေစုပြီးတဲ့ အချိန်မှာတော့ အမေ့ဝေဒနာတွေကို အဆုံးသတ်ပေးနိုင်ခဲ့တယ်လေ။ သမားတော်ကြီး တစ်ချို့နဲ့ အမေ့ကို ခွဲစိတ်ကုသပေးခဲ့တာပါ။ အမေ့ရဲ့ နှလုံးတစ်နေရာမှာ ပြွန်လေးတစ်ခု ထည့်ထားတယ် ဆိုတာလောက်တော့ ကျနော် သိထားပါတယ်။ အဲဒီ ခွဲစိပ်မှုဟာ အန္တရာယ် အလွန်များတဲ့ စွန့်စားမှုကြီး တစ်ခုဆိုတာ ပြောပြစရာမလိုဘဲ သိကြမှာပါ။ ခွဲစိပ်မှုကြီး အောင်အောင်မြင်မြင်နဲ့ ပြီးသွားတဲ့ အချိန်၊ အမေ နေပြန်ကောင်းလာတဲ့ အချိန်တွေဟာ ကျနော်တို့ မိသားစုရဲ့ အတိုင်းမသိ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ဆေးတစ်ချို့ကိုတော့ အမေ သောက်နေရသေးတာပေါ့ဗျာ။ တစ်ကယ်ပါ၊ ကာ့တ်တုမ်မြို့မှာ နေထိုင်တုန်း အမေ နေပြန်ကောင်းလာတာဟာ ကျနော်တို့ တစ်ခါမှ မရဖူးတဲ့ ပျော်ရွှင်မှု တစ်ခုကို ရခဲ့သလိုပါပဲ။ အမေ နေပြန်ကောင်းလာတော့ အဖေက အမေ့ကို နောက်ထပ်ကလေးယူဖို့ တိုင်ပင်ပါတယ်။ အဲဒီအကြောင်းကို အိမ်သားတွေကြားတော့ အလွန်အမင်း အံ့သြခဲ့ကြရပါတယ်။ ဘာလို့လဲ ဆိုတော့ အမေ နေကောင်းတာ ဘာမှ မကြာသေးတာလေ။ ဒါပေမယ့် အမေဟာ အောင်အောင်မြင်မြင်နဲ့ပဲ အဖေ့ကို သားယောက်ျားလေး တစ်ယောက် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ကလေးကိုတော့ ကျနော်တို့ ရိုးရာအယူအဆနဲ့ မိုတွန်မ် (Motoumn) လို့မှည့်ခေါ်ခဲ့ပါတယ်။ အဓိပါယ်ကတော့ လက်တွေ့စမ်းသပ်မှု လို့ အနီးစပ်ဆုံးဘာသာပြန်လို့ ရပါတယ်။
ဖုန်းဘက်ထရီတွေ၊ တစ်ပါတ်ရစ် ဆဲလ်ဖုန်းတွေ၊ ဖုန်းအခွံတွေကို ကျနော် ရောင်းဝယ် ပါတယ်။ ပစ္စည်းတစ်ခုခုကို ဆူဒန်ပေါင်သုံးဆယ် (15 $) လောက်ပေးပြီး ကျနော် ၀ယ်ပါတယ်။ သုံးဆယ့်ငါးပေါင် လောက် ရရင်ကျနော်ပြန်ရောင်း ပါတယ်။ အမြတ် ငါးပေါင်ကတော့ ကျနော့် အတွက်ပေါ့ဗျာ။ အဲဒီအလုပ် ဟာ ကျနော့် အတွက် တော်တော်ကို ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ တစ်ခါတလေများမှာဆိုရင် တစ်ရက်တည်းနဲ့အမေရိကန်ဒေါ်လာတစ်ရာ လောက်ထိ ကျနော် ရှာနိုင်ခဲ့ပါတယ်။ ကျနော့်အတွက် အ၀တ်အစား သစ်တွေ ၀ယ်တယ်။ မရောက်ဖူးတဲ့ နေရာတွေကို သွား တယ်။ လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ကျနော် ကိုယ်တိုင် ရှာထားတဲ့ ငွေနဲ့ ခံစားလို့ ရခဲ့ပါတယ်။ ဆဲလ်ဖုန်း ၀ယ်ရောင်းလုပ်ငန်းနဲ့ ပိုက်ဆံစုနိုင်တဲ့ အချိန်ကျတော့ ကိုင်ရို (Cairo) ကိုသွားဖို့ ကျနော် စိတ်ကူးမိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပညာသင်ဖို့ပါပဲ။ ကျနော့်ရဲ့ စိတ်ကူးကို ကျနော့် မိဘတွေကို ဖွင့်ပြောဖြစ်ခဲ့ပါတယ်။ အစတုန်းကတော့ သူတို့ ကျနော့်ကို ခွင့်မပြုပါဘူး။ သူတို့ ခွင့်မပြုလေ၊ ကျနော်ဆက်တောင်းဆိုလေနဲ့ နောက်ဆုံးတော့ သူတို့ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ သူတို့ခွင့်ပြုပြီးတော့ ဆဲလ်ဖုန်း ရောင်းဝယ်တာနဲ့ အလုပ်တော်တော် ဖြစ်လိုက်ပါသေးတယ်။ ခရီးစရိတ် ထပ်ထွက်လာတာပေါ့ဗျာ။ အီဂျစ်ကိုသွားဖို့ ဗီဇာကို ဈေးထဲက ကျနော့်အသိမိတ်ဆွေ တစ်ယောက်အကူအညီနဲ့ အလွယ်တကူပဲ ရခဲ့ပါတယ်။ အရွယ်ရောက်တဲ့သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဆူဒန်ဥပဒေကို သူနဲ့ အဖေကပဲ ကျနော့်အတွက် ဖြေရှင်းပေးခဲ့တာပါ။ ကိုင်ရိုကိုရောက်တာ ၂၀၀၅ ခုနှစ် အောက်တိုဘာလ တုန်းကပါ။ အဲဒီတုန်းက ကျနော့်အသက် နှစ်ဆယ်ပြည့်ပြီးသွားပါပြီ။ ကာ့တ်တုမ်မြို့မှာနေတုန်းက အီဂျစ်ကို ရောက်ပြီး ပြန်လာတဲ့သူတွေ အပြောအရဆိုရင် အီဂျစ်ဟာ ကျနော်တို့ ဆူဒန်ထက် အများကြီး သာလွန်ပါတယ်တဲ့။ အဲဒီကနေတဆင့် ကနေဒါတို့ အမေရိကန်တို့ ဆက်သွားဖို့လည်း ပိုလွယ်ပါတယ်တဲ့။ နောက်တစ်ခု ထပ်ကြားဖူးထားတာက အီဂျစ်က လမ်းမတွေပေါ်မှာ လျှောက်သွားရင် အယုတ္တ၊ အနတ္တ စကားတွေ ကြားရလိမ့်မယ် ဆိုတာပါပဲ။ အဲဒီတုန်းက သူတို့ပြောတာကို ကျနော် လစ်လျူရှုခဲ့ပါတယ်။ အခု ကိုင်ရိုမှာ သူတို့ ပြောတဲ့အတိုင်း တစ်ထပ်တည်း ဖြစ်နေပါတယ်။ သူတို့တွေ samara, bunga bunga, chokolata ဆိုပြီး အတော်ကို ပြောကြပါတယ်။ ကျနော်အဲဒါတွေကို အတတ်နိုင်ဆုံး မကြားချင်ယောင်ဆောင်နေလိုက်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို ကြားနေရတာဟာ ကျနော့်အတွက် သက်တောင့်သက်သာ မရှိလှပါဘူး။
ကိုင်ရိုကို ရောက်ပြီး နှစ်ပါတ်အတွင်းမှာပဲ ကျနော်ရှိတဲ့ နေရာကို ကျနော့်အဒေါ်ရောက်လာပြီးတော့ သူနဲ့အတူ လိုက်နေဖို့ခေါ်ပါတယ်။ သူမနဲ့လိုက်နေဖို့ကို ကျနော်သိပ်ပြီး သဘောမတွေ့လှပါဘူး။ ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ သူမနေရာကို လိုက်သွားလိုက်ပါတယ်။ ဘတ်စ်ကားဂိတ်တစ်ခုနားမှာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပညာသင်ခွင့်ရဖို့ ကျနော်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေဟာ အထောက်အထား စာရွက်ကို အမျိုးမျိုးတောင်းတာကြောင့် အဲဒါတွေကို ဆူဒန်ကနေ ယူမလာမိတဲ့ ကျနော် ဘယ်လိုမှ ပညာမသင်ဖြစ်ခဲ့ပါဘူး။ ကျနော့်အသိတစ်ယောက် အကြံပေးတာကတော့ ကိုင်ရိုမှာရှိတဲ့ အမေရိကန် တက္ကသိုလ်မှာ ကျောင်းဆက်တက်သင့်တယ်လို့ ပြောလာပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေအတွက် သီးသန့် တန်းခွဲရှိတယ်လို့လဲ ပြောပါတယ်။ ပြသနာက အဲဒီကျောင်းဟာ ကျနော်နေတဲ့နေရာနဲ့ အတော်ကိုဝေးတဲ့ အချက်ပါပဲ။ သွားစရိတ် လာစရိတ်လဲ ကျနော့်အတွက် အင်မတန် ကြီးမားလာပါလိမ့်မယ်။ ဘယ်လိုမှ ကျောင်းတက်လို့ မဖြစ်သေးတော့ ပလတ်စတစ်ကုမ္မဏီတစ်ခုမှာ ကျနော် အလုပ်ဝင်လုပ်ပါတယ်။ အဲဒီကုမ္မဏီ ရဲ့ အဓိက ထုတ်ကုန်ကတော့ သန့်ရှင်းရေးပစ္စည်းတွေ ထုတ်လုပ်ခြင်းပါ။ ကျနော့်တာဝန်ကတော့ တံမျက်စည်း တစ်ချောင်းရဲ့ အစိတ်အပိုင်းတွေကို တံမျက်စည်းတစ်ချောင်း ဖြစ်လာအောင် တပ်ဆင်ရခြင်း ဖြစ်ပါတယ်။ ကာ့တ်တုမ်မြို့မှာနေပြီး ဆဲလ်ဖုန်းရောင်းဝယ် နေရတာဟာ အခုအလုပ်ထက် အများကြီးကို တော်ပါသေးတယ်။ ၀င်ငွေလဲ ဒီထက်ပိုများတယ်လေ။ အခုကျတော့ မိုးလင်းပြီဆိုရင် ကျနော် အလုပ်သွားရပြီ။ ညအချိန်တွေကိုတော့ ကျနော့်နေရာ တိုက်ခန်းထဲမှာပဲ အချိန်ကုန်လွန်စေခဲ့ပါတယ်။
ကိုင်ရိုကို ကျနော်ရောက်တော့ မူစတာဖာ မာမွတ် (Mustafa Mahmoud) ဆိုတဲ့လူ ဦးဆောင်ပြီး ဆန္ဒပြပွဲတွေ စ နေတဲ့ အချိန်ပါ။ သူ့အကြောင်းကိုတော့ ကိုင်ရိုကိုရောက်ရောက်ချင်းပဲ ကျနော် ကြားဖူးနေပါပြီ။ လ အနည်းငယ် ကြာပြီးနောက်မှာတော့ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြနေသူများနဲ့ပူးပေါင်းပြီး ကျနော်လဲ ဆန္ဒပြသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုင်ရိုမှာ ရောက်နေတဲ့ ဆူဒန်နိုင်ငံသားတွေအတွက် အထောက်အပံ့တွေ၊ အခွင့်အရေးတွေ တောင်းဆိုကြခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဆောင်းတွင်းကို ရောက်ရှိနေပါပြီ။ ဆန္ဒပြတဲ့သူတွေလဲ စောင်တွေ ကိုယ်စီနဲ့ပေါ့။ ကျနော်လဲ ကျနော့်ကိုယ်ပိုင်စောင်ကို ယူပြီးတော့ ဆန္ဒပြသူတွေကြား တိုးဝှေ့ထိုင်ခဲ့ပါတယ်။ ရက်အတော်များများကို ကျနော်တို့ ဒီလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တစ်ခါတလေကျတော့လဲ ဆန္ဒပြသူတွေအတွက် သောက်ရေ စုဆောင်းမှုနဲ့ အစားအသောက်ချက်ပြုတ်တဲ့ နေရာတွေမှာ ကြုံသလို ၀င်ကူတယ် ပေါ့ဗျာ။ ဆန္ဒပြတဲ့ လူထုအသိုင်းအ၀ိုင်းထဲမှာလဲ ပြသနာတွေကို ထိန်းသိမ်း ဖြေရှင်းပေးမယ့် လူငယ်အဖွဲ့ တစ်ဖွဲ့လဲ ရှိပါသေးတယ်။ ဥပမာ ထိုင်စရာနေရာနဲ့ ပါတ်သက်ပြီး စကားများတာတို့ ဘာတို့ပေါ့။ ကျနော်တို့ လူစုထဲမှာပဲ ရန်ဖြစ်ပြီး အချင်းချင်းကွဲနေကြရင်လဲ မဖြစ်သေးဘူးလေ။

<ဆက်ပါဦးမည်>
We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။/



