Tuesday, July 7, 2009

179 ရက် အကြာ

မိုးတွေ ရွာလာပြီ။ ၀တ်နေကျ ကျနော့် rain coat ခပ်နွမ်းနွမ်းလေးကို ဆွဲ ထုတ်လိုက်တယ်။ အခန်းထောင့်မှာ ထောင်ထားတဲ့ ထီး ဆီကို မျက်စိက ရောက်သွားပေမယ့် အဆောင်ထဲက ထွက်တဲ့ အချိန် ကျနော့်လက်ထဲမှာ ဘာမှ ပါမလာခဲ့ဘူး။ ရင်ဘတ်က ဇစ်ကို ဆွဲတင်လိုက်တယ်။ နေ့လည်စာ စားပြီး ပြန်လာတဲ့ အခန်းဖော် သူငယ်ချင်းကို စကားတစ်ခွန်း မှာလိုက်တယ် "I'll be back so late" ......

ကျောင်းသင်ခန်းစာတွေ၊ chat history တွေကို သေချာ save ထားတဲ့ folder ၊ ဖင်ကပ်ပဲ ကျန်တော့တဲ့ ခေါင်းလိမ်းဆီ ..... အဲဒါတွေကို ကျောခိုင်းပြီး ကျနော့် ခြေလှမ်းတွေကို စလိုက်ပါတယ်။ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးထဲမှာ သတိထားလိုက်မိတာက ချွင်ချွင် ချွင်ချွင် နဲ့ အသံပေးနေတဲ့ ကျနော့် ဘောင်းဘီအိတ်ထဲက အကြွေစေ့တွေ။ ဆွဲထုတ်လိုက်တယ်။ အဲဒါတွေကို လက်က ဆုပ်ထားရင်း ကျနော် ဆက်လျှောက်လာတယ်။ လာခဲ့တဲ့ ခရီးက ဘာမှမရှိသေးပေမယ့် ကျနော့် တစ်ကိုယ်လုံး ကြွက်စုတ် ဖြစ်နေပြီ။

Bus stop ကိုရောက်တော့ မိုးတိတ်အောင် စောင့်တာလား၊ Bus ကို စောင့်တာလား ရေရေရာရာ မသိတဲ့ မျက်လုံး တစ်စုံကို ကျနော် ရင်ဆိုင်လိုက်ရတယ်။ ကလေးလေး တစ်ယောက်ရယ်ပါ။ အသက်က အလွန်ဆုံးရှိမှ ဆယ်နှစ် ပေါ့။ သေချာတာ တစ်ခုက သူ့အကြည့်တွေထဲမှာ ဆာလောင် မွတ်သိပ်မှုတွေ ပြည့်နေတယ် ဆိုတာပါပဲ။ ကျနော့်လက်ထဲမှာ ဆုပ်ထားတဲ့ အကြွေစေ့လေးတွေကို ကလေးလေးရဲ့ လက်ထဲ ထည့်ပေးလိုက်တယ်။ ချက်ချင်း ပြေးထွက်သွားတဲ့ ကလေးလေးကို ကြည့်ပြီး ကျနော့်မျက်နှာမှာ အချိန်အတော်ကြာအောင် ပျောက်နေတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ ကျေနပ်လို့ ပြုံးတာလား၊ ကလေးလေး အစား နာကျင်လို့ ပြုံးမိတာလား ကိုယ့်ကိုယ်ကို တောင် မဝေခွဲတတ်တော့ပါဘူး။ ဒါပေမယ့် ကျနော် ပျော်သွားတယ်။

ကျနော့် နှာခေါင်း နဲ့ နှုတ်ခမ်းထောင့်က တစ်ခုခု ကို ခံစားလိုက်ရတယ်။ ညာလက်ခုံနဲ့ ခပ်ကြမ်းကြမ်းပဲ ဆွဲပွတ် လိုက်တယ်။ ကျနော့် အတွက် မထူးဆန်းတော့တဲ့ (ကျနော့်လက်ခုံပေါ်က) နီရဲရဲ၊ စေးထန်းထန်း အရာတွေကို အံ့အံ့သြသြ စိုက်ကြည့်နေမိတယ်။ မထူးဆန်းတော့ဘူးဆိုရင် ဘာလို့ ကြာကြာစိုက်ကြည့် နေရတာလဲ။ ဦးနှောက်ကို အလုပ်ပေးလိုက်တယ်။

သြော် ..... မနက်ဖြန်ဆို (ကျနော့်ကို ကုပေးနေတဲ့) ဆရာဝန် ပြောထားတဲ့ ခြောက်လ ဆိုတဲ့ အချိန် ပြည့်ပြီလေ .........

3 comments:

မေဇင် said...

အာ..သေတော့မှာလား..း(။

Anonymous said...

ဘာပြဿနာများရှိနေလဲလို့...နောက်မှဝတ္ထုတို ဆိုတာတွေ့တယ်.. :)
ရွှေမိုး

စာခြောက်ရုပ် said...

လန့်တာအေ...ဗြုန်းစားကြီး...ဖဲထုပ်ဝယ်ရသေးဘူး..ဟဲဟဲ...