Thursday, June 25, 2009

သြော် စလိုးဂိုးဂိုး.....

"ဟေ့ကောင်တွေ.....လုပ်ကြလေ....စကြမယ်လေ"..ဆော်သြလိုက်သူက ကျနော့်သူငယ်ချင်း တယောက်။ ဒီနေ့က ကျနော်တို့ရေးနေရတဲ့ final paper ရဲ့ first draft တင်ရတဲ့နေ့ ... အကုန်လုံးရဲ့ မျက်နှာမှာ ဖိစီးမှုကြီးတခု လျှော့ကျသွားတာကို အထင်းသား မြင်နိုင်တယ်ပေါ့ဗျာ။ ကျနော်တို့ စကြမယ့် အစီအစဉ်က first draft မတိုင်ခင် ခံစားခဲ့ရတဲ့ ပင်ပန်းမှုတွေကို alcohol နည်းနည်းပါးပါးနဲ့ ဆေးပစ်ကြမယ်ပေါ့။ ဒီည......လေ ..... ဒီည။ သူငယ်ချင်းတယောက်က သွားဝယ်မယ် လုပ်တော့ ကျနော်တို့ အဖွဲ့ထဲက ကျနော့်သူငယ်ချင်းတယောက်ရဲ့ ကောင်မလေးက ဆိုင်ကယ်သော့ထုတ်မပေးဘူးတဲ့လေ။ သူ့ကောင်လေး၊ သူ့ရည်းစား၊ ကျနော့်သူငယ်ချင်း သောက်မှာ စိုးလို့တဲ့၊ ထုတ်မပေးဘူး။ ဘာဆိုင်လဲဗျာ .. နော်။ မသောက်စေချင်ရင် သူ့ရည်းစား သူနိုင်အောင်ထိန်းပေါ့ဗျ။ ကျနော်တို့ လွတ်လပ်ခွင့်ကို လာပိတ်နေသလိုဆိုတော့ တင်းတာပေါ့။ ပေါ်တင်တော့ မကွိုင်ရဲဘူးဗျ၊ ဘာလို့ဆိုတော့ ကျနော်တို့ program က အရက်သောက်တာကို အတင်းအကျပ်ပိတ်ပင်ထားတဲ့ program လေ။ အဲဒါနဲ့ ခနစောင့်ပြီး သူငယ်ချင်းတစ်ယောက်က သူ့နည်းသူ့ဟန်နဲ့ သွားဆွဲလာတယ်။

အဲဒီနောက် သူငယ်ချင်းတွေ တက်ညီလက်ညီ ဖြိုကြတယ်ပေါ့ဗျာ။ ကုန်ခါနီးမှာ ခုနက ကျနော်ပြောတဲ့ ဆိုင်ကယ်သော့ထုတ်မပေးတဲ့ ကောင်မလေးရဲ့ ရည်းစား၊ ကျနော့်သူငယ်ချင်း ရောက်လာတယ်။ ပုလင်းက ပြောင်နေတာမြင်တော့ ထပ်သွားဆွဲအုန်းမယ်တဲ့။ အဲဒါနဲ့ ထပ်ပါလာတယ် ပုလင်းတွေ ပုလင်းတွေ။ အဲဒါနဲ့ ဆက်သောက်ကြတယ်ပေါ့ဗျာ။ ကျနော်တို့ အဖွဲ့ထဲ မှာ ဂစ်တာအတီးကောင်းတဲ့သူ တယောက်ရှိတယ်ဗျ။ သူက ဂစ်တာဆွဲလာတယ်။ အဲဒီချိန် ဘယ်သူလဲ မသိဘူး သူ့ကိုဝင်တားလိုက်တာ မတီးပါနဲ့တော့ကွာတဲ့ မိုးတအားချုပ်နေပြီ၊ တခြားကျောင်းသားတွေ အားနာစရာဖြစ်ကုန်မယ်တဲ့။ အဲဒါနဲ့ သူပြန်ပြောတာက အရမ်းမကျယ်စေရပါဘူးကွာ၊ စလိုးဂိုးဂိုး လောက်ပဲ တီးမှာပါကွာ တဲ့။ အဲဒါနဲ့ တီးကြတယ်ဆိုကြတယ်ပေါ့။ အစတုန်းကတော့ တကယ့် စလိုးဂိုးဂိုးလေးတွေပဲဗျ When you say nothing at all တို့ I miss you like crazy တို့၊ အေးအေးလေးတွေပေါ့ဗျာ။ ဘယ်လိုစိတ်ကူးဝင်လာလဲ မသိပါဘူး သီချင်းပြောင်းတီးတယ်။ သူတီးတာက "မ မချစ်လို့ မဖြစ်" ဆိုတဲ့ သီချင်းပါ။ သီချင်းကလဲ မြူးမြူး လူကလဲ နည်းနည်းထွေနေတာဆိုတော့ စားပွဲကနေ ကျနော် ထလိုက်တယ်။ ကဖို့ ထလိုက်တာပါ။ ပြီးတော့ အားလုံးကို ကျနော် ခေါ်တယ် ကဖို့ကို ... အဟဲ။ ဂစ်တာတီးတဲ့ သူတယောက်ပဲ ကျန်တယ်၊ ကျန်တဲ့ သူတွေအကုန်ထလာပြီး ၀ိုင်းက ကြပါတော့တယ်။ သီချင်းကိုလဲ လိုက်ဆိုရင်းပေါ့ဗျာ။

နောက်တစ်ရက်တော့ ဆရာတွေကြားမှာ ကျနော်တို့ သတင်းတွေမွှေးပျံ့သွားပါတော့တယ်။ မသိဘဲနေမလားဗျာ ဒီလောက် ညကြီးမိုးချုပ် သီချင်းတွေအော်ဆိုပြီးကနေကြတာကို။ ခနနေတော့ ဖိတ်ခေါ်ချက် တခုရောက်လာပါတယ်။ အဲဒါက ကျနော်တို့တွေ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ program's director နဲ့တွေ့ရမယ်တဲ့။ ကျနော်တို့ ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက်ပေါ့ဗျာ။ အဲဒါနဲ့ ကျနော်တို့ တစ်သီတစ်တန်းကြီး ၀င်တွေ့ရတယ်။ အစတုန်းက ထင်ထားတာ တစ်ယောက်နဲ့ပဲ တွေ့ရမယ်ထင်တာပေါ့။ အမြင်နဲ့အထင် တက်တက်စင်အောင်လွဲနေမှန်း အဲဒီအချိန်မှသိတော့တာ။ အထဲမှာ ထိုင်စောင့်နေကြတာ ... လေးယောက်တောင်မှဗျာ .... လေးယောက် .... လေးယောက်။

/ပို့စ်ထဲတွင် ပါဝင်သော ဇါတ်ကောင်များအား
ထိခိုက်စေလိုသော ဆန္ဒ အကျွန်ုပ် အရူးလေးတွင် လုံးလုံးမျှ မရှိပါခင်ဗျာ
/

No comments: