Wednesday, January 6, 2010

ခက်ထန်လွန်းသော ဘ၀များအတွင်း နေထိုင်ခြင်း (၂)


ကျနော့်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသလို့ ပြောလို့ရမယ့် ကိုင်ရိုက လူပျောက်လေးတွေ (The Lost Boys) အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။ သူတို့တွေကတော့ လမ်းမတွေပေါ်မှာ ကျက်စားတတ်တဲ့ ဆူဒန်လူငယ်စုတွေ ဖြစ်ပါတယ်။ လမ်းမတွေပေါ်မှာ ဆူဒန်အသိုင်းအ၀ိုင်း တွေမှာ သူတို့ကို တွေ့ရတတ်ပါတယ်။ ကျနော်နေထိုင်တဲ့ နေရာကို အက်ဘ်ဘာရှား (Abbassia) လို့ခေါ်ပါတယ်။ ကိုင်ရို က လူဆိုး၊ လူသွမ်း အများစုဟာ ကျနော်တို့ ရပ်ကွက်က ဆူဒန်သားတွေဆီကနေ ခိုးတာတို့ လုယက်တာတို့ခနခန လုပ်ကြပါတယ်။ ဆူဒန် လူငယ် လူရွယ်တွေလည်း သူတို့ရန်ကနေ ကာကွယ်ဖို့ အုပ်စုလေးတွေ ဖွဲ့ထားကြတာပေါ့ဗျာ။ မနှစ်က မတိုင်ခင်ထိတော့ ကျနော်သူတို့တွေနဲ့ တခါတလေ စကားပြောဖြစ်တာ လောက်ပဲ ရှိပါတယ်။ အဲဒီလူငယ်အများစုဟာ အလုပ်အကိုင် မရှိတဲ့သူတွေ များပါတယ်။ ကျောင်းကိုလဲ မတက်ဖြစ်ကြတဲ့သူတွေပေါ့။ လူတွေရဲ့ အမြင်မှာလည်း သူတို့တွေဟာ လူဆိုးလို့ သတ်မှတ်ခံရပါတယ်။ ဒါပေမယ့် တချို့တွေက လူကောင်းတွေပါ။ သူတို့တွေနဲ့ စကားတွေ ပြောလေ့ ပြောထရှိတဲ့ ကျနော်လဲ သူတို့တွေလိုပဲဆိုပြီး အများက ထင်ကြပါတယ်။ အဲဒီလို ထင်ကြတော့ ကျနော့်ကို ဒေါသတကြီး ဆက်ဆံကြတယ်။ သူတို့တွေ ကျနော့်ကို ပြောတာက "မင်းလဲ အက်ဘ်ဘာရှားမှာနေတယ်။ အဲဒီသဘောဟာ မင်းက လူပျောက်လေးတွေထဲက တစ်ယောက်ပဲ။" ဂိုဏ်းတွေ အများကြီးဟာလည်း တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း မတည့်ကြပါဘူး။

မနှစ်တုန်းကအမေရိကန်တက္ကသိုလ်မှာ အခမဲ့အင်္ဂလိပ်စာ သင်ပေးတုန်းက အဲဒီသင်တန်းကို လူပျောက်လေးတွေ တော်တော်များများ တက်ကြပါတယ်။ အင်္ဂလိပ်စာ တတ်ချင်တဲ့ ကျနော်လည်း တက်ခဲ့ပါတယ်။ သင်တန်းပြီးလို့ အိမ်ပြန်တဲ့အချိန်တွေများမှာဆိုရင် အခြားဂိုဏ်းကလူတွေက ကျနော့်ဆီကို လာပြီး လူပျောက်လေးတွေ အကြောင်းမေးတတ်ပါတယ်။ သူတို့တွေက ကျနော့်ကို လူပျောက်လေးတွေထဲကတစ်ယောက်လို့ ထင်ထား ကြလို့ပါ။ ကျနော်ဘယ်လိုပဲ မသိဘူး၊ မသိဘူးပြောပါစေ၊ သူတို့တွေ ကျနော့်ကို မေးမြဲမေးနေခဲ့ပါတယ်။ ဘယ်လိုပဲ ပြောပြော ဆက်ပြီးမှအနှောက်ယှက်ခံနေရဆဲပါ။ နောက်ဆုံးတော့ အဲဒီ အင်္ဂလိပ်စာသင်တန်းကနေ ကျနော်ထွက်လိုက်ပါတယ်။

တခြားဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုက တနေ့တခြား ပိုပြီးဆိုးလာပါတယ်။ ဂိုဏ်းတွေ အချင်းချင်း တိုက်ခိုက်မှုတွေ လည်း ပိုများလာပါတယ်။ ကျနော့်မျက်စိရှေ့မှာပဲ အဲဒီလိုတိုက်ခိုက်မှုတွေ၊ ဒဏ်ရာရသွားတဲ့လူတွေ၊ သွေးသံ ရဲရဲတွေ ကိုမြင်ရတဲ့ အကြိမ်တွေလဲ ပိုပိုများလာပါတယ်။ ပြီးတော့ တခြားဂိုဏ်းတွေကနေ ကျနော်တို့နေတဲ့ ရပ်ကွက်ကို သူလျှိုတွေပို့ပြီး လူပျောက်လေးတွေ အကြောင်းစုံစမ်းခိုင်းတတ်ပါတယ်။ လူပျောက်လေးတွေနဲ့ စကားသွားပြီး ပြောနေကျဖြစ်တဲ့ ကျနော့်ကိုလည်း လူပျောက်လေးတွေထဲက တစ်ယောက်လို့ ယူဆကြတာလဲ မလွန်ပါဘူး။

2007 မှာဖြစ်မယ်ထင်တယ်။ ကျနော့်ကိုယ်ကျနော် လူပျောက်လေးဆိုပြီး ခံယူလိုက်တာပါ။ အဲဒီလို ဖြစ်သွားတာလဲ သိပ်ပြီးမှ စိတ်ပါလို့တော့ မဟုတ်ပါဘူး။ လူပျောက်လေးတွေဆီကနေ အကာအကွယ် ရနိုင်တယ်လေ။ တခြားဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်စရာမလိုတော့ပါဘူး။ တခြား လူပျောက်လေးတွေလိုပဲ ကျနော်လဲ ဓါးကိုင်တတ်လာတယ်၊ သူတို့တွေရဲ့ တိုက်ပွဲတွေမှာ လိုက်ပါတတ်လာပါတယ်။


ကျနော်တို့လူပျောက်လေးတွေမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ကျနော်တို့ လုပ်ချင်ခဲ့တာတွေ၊ ကျနော်တို့ ဖြစ်ချင်ခဲတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်ခဲ့တာတွေ တစ်ခုမှ ဖြစ်မလာပါဘူး။ တချို့လူပျောက်လေးတွေက ၀င်ငွေပုံမှန်လေးရမယ့် အလုပ်လုပ်ချင်ကြတယ်၊ တချို့တွေက ပညာသင်ချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ အလုပ်မခိုင်းကြပါဘူး။ တကယ်လို့ ခင်ဗျားမှာလည်း ဘာမှလုပ်စရာမရှိဘူးဆိုရင် တစ်နေကုန်ကို ဘာမှမလုပ်ဘဲနဲ့ အချိန်ဖြုန်းမိနေမှာပါ။ ကျနော်တို့တွေလည်း အဲဒီလို ဖြစ်နေကြတာပါ။

ကျနော်တို့တွေ လမ်းမတွေပေါ်မှာ၊ လမ်းဘေးတွေမှာ ရပ်ပြီး ရောက်တတ်ရာရာစကားတွေ ပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ဘာမှ ထွေထွေထူးထူးတော့ မပါပါဘူး။ ကျနော်တို့ သီချင်းတွေအကြောင်း ပြောကြမယ်၊ ကောင်မလေးတွေအကြောင်း ပြောကြမယ်၊ ဘတ်စကက်ဘော ကစားနည်းအကြောင်း ပြောကြမယ်၊ ဒါလောက်ပါပဲ။ တခါတလေကျရင်တော့ ရန်ဖြစ်၊ တိုက်ခိုက် ကြရတာပေါ့။ ကျနော်တို့တွေဟာ တခြားရပ်ကွက်က လူတွေနဲ့ တိုက်ခိုက်ဖြစ်ကြပါတယ်။ ကျနော်တို့တွေ ကိုယ့်ရပ်ကွက်မှာကိုယ် နေပေမယ့်လည်း တခြားရပ်ကွက်က ဂိုဏ်းတွေက ကျနော်တို့ဆီကို တမင်လာပြီး တိုက်ခိုက်တာမျိုးတွေလည်း ကြုံရပါတယ်။ အခြေအနေမကောင်းရင်တော့ ကျနော်တို့ဝှက်ထားတဲ့ လက်နက်တွေယူပြီး ပြေးကြရပါတယ်။

ကျနော်တို့အဖွဲ့တွေ တခြားသူတွေကို တိုက်ခိုက်ပြီဆိုရင်လည်း တခြားသူတွေ ဒဏ်ရာရမှာကို ကျနော် မလိုလားပါဘူး။ ကျနော့်ဓါးကို အသုံးပြုပြီး တိုက်ခိုက်ရတယ်ဆိုပေမယ့် သူတို့တွေကို ဓါးပြားနဲ့ပဲ ရိုက်လေ့ရှိပါတယ်။ တခါတလေကျရင် ထိုးကြိတ်ကန်ကျောက်တာလောက်နဲ့ပဲ ပြီးသွားပါတယ်။ ကျနော့်ရဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က တခြားသူတွေရဲ့ လက်နက်ကို ရယူယုံတင်ပါ။ ခိုးဝှက်ပြီး ယူရတာကိုတော့ ကျနော်မကြိုက်ပါဘူး။ ဒါပေမယ့် တချို့သောလူပျောက်လေးတွေ လုပ်ကြပါတယ်။

ရဲတွေနဲ့ ကျနော် နှစ်ကြိမ်ပါတ်သက်ခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်တုန်းက ကျနော့်ရဲ့ နိုင်ငံကူးလက်မှတ် ပျောက်သွားလို့ပါ။ ဒါပေမယ့် ဘယ်ရဲသားကမှ အဲဒါကို ပြန်မတွေ့ခဲ့ပါဘူး။ ဒုတိယ တစ်ကြိမ်ကျတော့ အခြား ဆူဒန်သားတွေက အီဂျစ်တွေကို တိုက်ခိုက်တဲ့အမှုနဲ့ပါတ်သက်ပြီး ကျနော်တို့ရပ်ကွက်ကလူတွေကို လာဖမ်းတဲ့ ကိစ္စပါ။ အဲဒါဟာ အမှားဖြစ်နေခဲ့တာပါ။ ရဲတွေဖမ်းချင်နေတဲ့ ဆူဒန်သားတွေဟာ ကျနော်တို့မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လျင်လျင်မြန်မြန်ပဲ ကျနော်တို့ဟာ ပြသနာကောင်တွေ မဟုတ်ဘူးဆိုတာကိုသိလို့ ရဲစခန်းမရောက်ခင်မှာပဲ ကျနော်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။


<ဆက်ပါဦးမည်>



/Out of Exile ဆိုတဲ့ စာအုပ်ထဲက
We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို
ဘာသာပြန်ထားခြင်းဖြစ်ပါတယ်/




No comments: