Monday, January 18, 2010

ခက်ထန်လွန်းသော ဘ၀များအတွင်းနေထိုင်ခြင်း (၃)

ကိုင်ရိုမှာရှိတဲ့ ဆူဒန်အသိုင်းအ၀ိုင်းက ကျနော်တို့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ပြောလာကြပါတယ်။ ကျနော်တို့ လူပျောက်လေးတွေလည်း တခြားသူတွေ၊ တခြားအဖွဲ့တွေနဲ့ ရန်ဖြစ်တာ၊ တိုက်ခိုက်တာတွေကို ရပ်တန့်လိုက်ပါတယ်။ ကျနော်တို့ ဘာမှဆက်မလုပ်တော့ဘူးဆိုပေမယ့်လည်း တခြားသူတွေကမှ မရပ်ကြတာလေ။ သူတို့တွေက ကျနော်တို့အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေဆဲပါ။ သူတို့တွေ ရန်ပြုလာပြီ ဆိုမှတော့ ကျနော်တို့တွေလဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်မိပါတယ်။ ကျနော်တို့တွေ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘောနဲ့ ပြန်ပြီးတိုက်ခိုက်ရတယ်ဆိုတာ ကျနော်တို့ရဲ့မိဘတွေ၊ လူကြီးသူမတွေက ကျနော်တို့အပေါ် နားလည်သဘောပေါက်ပေးမယ်ဆိုရင် ကောင်းမှာပဲဗျာ။

ကျနော်တို့လူပျောက်လေးတွေနဲ့ ကိုင်ရိုမြို့က တခြားဂိုဏ်းတွေရဲ့ ကွာခြားချက်တွေအများကြီးရှိပါတယ်။ သူတို့တွေဟာ ဆူဒန်အစိုးရရဲ့ အမျိုးသားကွန်ဂရက်ပါတီကနေ ငွေနဲ့အခြားအထောက်အပံ့တွေရပါတယ်။ အဲဒီပါတီက ခိုင်းတာတွေ လုပ်ရတာပေါ့။ ဥပမာဗျာ မူစတာဖာမာမွတ် ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတုန်းကဆိုရင် ကျနော်တို့လူပျောက်လေးတွေမဟုတ်တဲ့ အခြားဂိုဏ်းကလူငယ်တွေကို အခကြေးငွေပေးပြီးတော့ ဆန္ဒပြတဲ့ လူစုထဲကို စေလွှတ်ပါတယ်။ ပြီးတော့ သိကြတဲ့အတိုင်းပဲ အခြေအနေကို ရှုပ်ထွေးသွားအောင်ခိုင်းတာပေါ့။ အများရဲ့ အမြင်မှာ ဆန္ဒပြနေတဲ့သူတွေဟာ မကောင်းပါဘူးဆိုတာကို မြင်သွားအောင်လုပ်ခိုင်းတာလေ။

ကိုင်ရိုမြို့က တချို့တချို့သော လူတွေကတော့ ကျနော်တို့ကို ကူညီကြပါတယ်။ ကိုင်ရိုကိုရောက်နေတဲ့ ဆူဒန်သား ဂျက်ကော့ဘ် (Jacob) ဆိုတဲ့သူက ကျနော်တို့အဖွဲ့ကို အတော်လေးကူညီတဲ့သူ တယောက်ပါ။ ကျနော်တို့တွေကို အမေရိကန် တက္ကသိုလ် က အင်္ဂလိပ်စာသင်တန်းမှာ တက်ခွင့်ကြဖို့ကို သူကပဲ စည်းရုံးခဲ့တာပါ။ ဒါပေမယ့်ဗျာ တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့မရလောက်အောင် မုန်းနေကြတဲ့သူတွေကို အခန်းတခန်းထဲမှာ စာအတူသင်ခိုင်းတယ်ဆိုတာ ဘယ်လောက်ခက်ခဲလိုက်မလဲ။ အဲဒါကြောင့်မို့လို့ ဆိုးသွမ်းဂိုဏ်းက လူငယ်တွေရော၊ လူပျောက်လေးတွေရော ဘယ်သူမှ အဲဒီသင်တန်းကို မတက်ခဲ့ကြပါဘူး။ ကျနော်ကတော့ တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော်ဟာ လူပျောက်လေး အဖွဲ့ထဲကို မရောက်သေးဘူးလေ။ နောက်ကျတော့ ဂျက်ကော့ဘ်ဟာ ကျနော်တို့ ဒင်ဂါ လူငယ်လေးတွေအတွက် အင်္ဂလိပ်စာ သင်တန်း လေးတွေကို ရပ်ကွက်ထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ ကျနော်တို့တွေအတွက် အများကြီးအသုံးဝင်တယ်ဆိုတာ အကုန်လုံးက လက်ခံကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီသင်တန်းလေးတွေ ဟာပိတ်ခံလိုက်ရပါတယ်။ အကြောင်းရင်းကိုတော့ ကျနော်မသိခဲ့ပါဘူး။

ကျနော်တို့လူပျောက်လေးတွေ ဆုံမိကြပြီဆိုရင် ပါတီခဏခဏ ကျင်းပဖြစ်ကြပါတယ်။ အဲဒီလိုမျိုးပွဲတွေ ကျနော်တို့ လုပ်ကြပြီဆိုရင် ညစ်ညမ်းသီချင်းတွေ၊ ဟစ်ပ်ဟော့ပ်သီချင်းတွေ ဖွင့်မယ်။ ကျနော်ကတော့ သီချင်းနှေးနှေးလေးတွေ ကိုပိုသဘောကျပါတယ်။ ကျနော်တို့ကို သက်တောင့်သက်သာ ရှိစေတယ်လေ။ ပြီးတော့ ကောင်မလေးတွေနဲ့ ကမယ်ဆိုရင်လည်း သီချင်းအေးတွေကပဲ ပိုသင့်တော်တယ်မဟုတ်လား။ Celine Dion, Mariah Carey နဲ့ Bob Marley တို့ဟာ ကျနော့်ရဲ့ အသည်းစွဲအဆိုတော်တွေပေါ့။ သိပ်မကြာခင်တုန်းက ကျနော့်မှာ ရည်းစားတယောက်ရှိခဲ့ဖူးပါတယ်။ သူမကို ရပ်ကွက်ထဲကလူတွေက အဘွတ်ခ် (Abuk) လို့ ခေါ်ပါတယ်။ သူမ ဆူဒန်ကိုပြန်သွားတာ မကြာသေးပါဘူး။ သူမ ပြန်သွားပြီး နောက်ပိုင်းမှာ ကျနော်နောက်ထပ် ရည်းစားထားဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ကျနော့်ရည်းစားလောက် ကောင်းတဲ့ မိန်းကလေးမျိုးကို ကျနော်ခုထိ ရှာလို့မတွေ့ခဲ့ပါဘူး။

ကျနော့်ကို ကျနော်လူပျောက်လေးဆိုပြီး ခံယူလိုက်တဲ့နောက်ပိုင်းမှာတော့ လူပျောက်လေးတွေအတိုင်းပဲ ကျနော်ဝတ်ဆင် ပါတယ်။ အင်္ကျီက တီရှပ်အဖြူရောင်ကို အဓိကထားပြီး ၀တ်ကြပါတယ်။ အဖြူရောင်က ဘယ်အရောင်နဲ့ပဲတွဲတွဲ လိုက်ဖက်တယ်လေ။ အဲဒီတီရှပ်အပေါ်မှာမှ ဘတ်စကက်ဘောကစားတဲ့ အားကစားအင်္ကျီကို ထပ်ဝတ်ကြပါတယ်။ ပြီးတော့ အနက်ရောင် ဘောင်းဘီပွပွ၊ ဘတ်စကက်ဘော ကစားရင်ဝတ်တဲ့ဖိနပ်။ ဒါတွေက ကျနော်တို့ လူပျောက်လေးတွေ ၀တ်ဆင်တတ်တဲ့ အ၀တ်အစားတွေပါပဲ။

လူပျောက်လေးတွေ အများစုဟာ အရက်နဲ့ မကင်းကြပါဘူး။ ဒါပေမယ့် ကျနော့်အတွက်တော့ အရက်ဆိုတာ ရှောင်ကြဉ်စရာ လို့ပဲ မြင်မိပါတယ်။ တချို့တွေများဆိုရင် မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ကြပါတယ်။ ဆေးလိပ်ဆိုရင်လဲ သောက်လိုက်တာ ထောင်းထောင်းကိုထနေတာပါပဲ။ ကျနော်အရက်မသောက်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီး ဘယ်သူမှတော့ ကျနော့်ကို ပြသနာမရှာကြပါဘူး။

ကျနော့်ကိုကျနော် လူပျောက်လေးစာရင်းထဲ သွင်းလိုက်ကတည်းက ကျနော့်အတွက် အများကြီး အဆင်ပြေလာပါတယ်။ သူတို့တွေနဲ့မို့လို့ ကျနော်မပျင်းရတော့ပါဘူး။ ပြီးတော့ သူတို့တွေဟာလည်း ကျနော့်ရဲ့ ညီအစ်ကိုအရင်းသဖွယ် ဖြစ်လာပါတယ်။ ကျနော့်ကို စိတ်ရှုပ်ထွေးနေစေတဲ့ အကြောင်းကတော့ လတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေ တွေပါ။ ပထမတုန်းကတော့ ကျနော်တို့ဆူဒန်မှာ မငြိမ်မသက်ဖြစ်လို့ ကိုင်ရိုကို ပြေးလာကြတယ်။ ကျနော်တို့ ဒီကိုရောက်တော့ ဒီမှာက ရှုပ်ထွေးပြီး ဟိုမှာက ပြန်အေးချမ်းနေပြန်ပြီ။ ဘယ်အရာကို ယုံကြည်ရမလဲဆိုတာကိုလဲ ကျနော်မစဉ်းစားတတ်တော့ပါဘူး။ နောက်တခုကတော့ ကိုင်ရိုမှာရှိတဲ့ ဆိုးသွမ်းလူငယ်လေးတွေကို ကြည့်လိုက်။ ဘယ်ဂိုဏ်းကလူငယ်ပဲ ဖြစ်ဖြစ် ကျနော်တို့အားလုံးက မျိုးနွယ်စုတခုတည်းပါ။ ဘာဖြစ်လို့ ကျနော်တို့တွေ အခုလိုမျိုး တယောက်နဲ့ တယောက်မုန်းတီးနေကြရတာလဲ။ အရင်ကလိုမျိုး ကျနော်တို့ရဲ့ ဆက်ဆံရေးတွေ ပြန်ပြီး အေးချမ်းနိုင်စရာ အကြောင်းမရှိတော့ဘူးလား။

ကိုင်ရိုမှာရှိတဲ့ ဆိုးသွမ်းဂိုဏ်းတွေဟာ တယောက်ကိုတယောက်ခွင့်လွှတ်ကြဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ နှစ်ဖက်စလုံးကို စေ့စပ်ပေးမယ့် ကြားခံလူဆိုတာလည်း လိုအပ်ပါတယ်။ ဒီကိစ္စဟာ တော်တော်ကို ခက်ခဲမယ်ဆိုတာ ကျနော် နားလည်လို့ ရပါတယ်။ ကျနော်တို့တွေဟာ အလွန်ကို ခက်ထန်တဲ့ ဘ၀တွေထဲမှာ နေထိုင်ကြရတာပါ။ ဘယ်သူကမှ ပြသနာကို ကူညီပြီး မဖြေရှင်းပေးကြဘူးဆိုရင် အကြမ်းဖက်မှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေအုန်းမှာပါပဲ။

<ဆက်ပါဦးမည်။>

/Out of Exile ဆိုတဲ့ စာအုပ်ထဲက
We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို

ဘာသာပြန်ထားခြင်းဖြစ်ပါတယ်/


No comments: