Tuesday, December 29, 2009

ခက်ထန်လွန်းသော ဘ၀များအတွင်း နေထိုင်ခြင်း (၁)

ကျနော့်နာမည် မာသောက်ခ် (Mathok) လို့ခေါ်ပါတယ်။ ကျနော့်အဖေကတော့ အာဂွိ (Aguek) ဖြစ်ပါတယ်။ ကျနော်တို့ မိသားစုဟာ ဆူဒန်နိုင်ငံ တောင်ပိုင်း မှာရှိတဲ့ အဲယစ် (Aeyid) ဆိုတဲ့ ရွာလေးမှာ နေထိုင်ကြတာပါ။ ကျနော့်ကိုမွေးတာကတော့ ဂိုဂရီရယ် (Gogrial) လို့ခေါ်တဲ့ တောင်ပိုင်း ရွာလေး တစ်ရွာမှာပါ။ ကျနော်တို့ မျိုးနွယ်စု နာမည်ကိုတော့ ဒင်ဂါ (Dinka) လို့ခေါ်ပါတယ်။


ကျနော့်မိဘတွေ ရွာကိုစွန့်ခွာတုန်းက ကျနော့်အသက် ငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ အကြောင်းအရင်း ကတော့ စစ်ပွဲတွေ ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျနော်သိတာဆိုလို့ ဘယ်အရာတိုင်းမဆိုဟာ ကျနော်တို့တွေအတွက် အန္တရာယ်တွေချည်းပဲ ဆိုတာကိုပါ။ တခြားအကြောင်းအရာတွေကို မှတ်မိနိုင်ဖို့တော့ ကျနော့်အသက် အတော့်ကို ငယ်ပါသေးတယ်။ ဂိုဂရီရယ်မှာ ရှိတဲ့ အိမ်ကို စွန့်ပြီး ထွက်လာတုန်းက ကာ့တ်တုမ် (Kartoum) မြို့ကို သွားမယ်လို့ ဦးတည်ပြီး ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီမြို့ကို မရောက်ခင် တွန်ဂ်ျ (Tonj) နဲ့ ဝေါင် (Wau) မြို့တွေမှာ နှစ်အနည်းငယ်စီ နေခဲ့ပါသေးတယ်။ အဲဒီနှစ်မြို့လုံးက တောင်ပိုင်း မှာရှိတဲ့ မြို့တွေပါ။ အမေ့ကိုတော့ ကာ့တ်တုမ်မြို့ကို အဖေ ပြန်မခေါ်ခင်ထိ ဝေါင်မြို့မှာ ငါးနှစ်လောက် နေထိုင်စေခဲ့ပါတယ်။ အဖေ့အစီအစဉ်အတိုင်း ပေါ့ဗျာ။

ကျနော့်အမေက သာမန်အိမ်ရှင်မ တစ်ယောက်ပါ။ အဖေကတော့ ဆူဒန် စစ်တပ်က အရာရှိတစ်ယောက် ဖြစ်ပါတယ်။ တောင်ပိုင်းသား အများစုဟာ ဆူဒန်အစိုးရအတွက် အလုပ်လုပ်ကြပါတယ်။ အစိုးရက ပေးတဲ့ အလုပ်ဆိုတော့ သူတို့အတွက် အလုပ်ကောင်းပေါ့။ အဖေဟာ အမေ့လိုမျိုး နောက်ထပ် မိန်းမ တစ်ယောက်ကို လက်ထပ်ခဲ့ပါသေးတယ်။ ကျနော်ကတော့ အမြဲတမ်းလိုလို အဖေ့အနားမှာ နေခွင့် ရခဲ့ပါတယ်။ အဖေ့ကို လူအေးကြီး တစ်ယောက်လို့ ပြောလို့ ရပါတယ်။ ဒေါသထွက်တယ်ဆိုတာကို သူ့အတွက် အလွန် ခက်ခဲတဲ့ အလုပ်တစ်ခုလို့ ထင်ထားတဲ့သူပါ။ ဒေါသထွက်ရင်လဲ ကြမ်းတမ်းတဲ့ လူတစ်ယောက်ပုံစံကို တစ်မဟုတ်ချင်း ပြောင်းသွားတော့တာပါပဲ။ ကျနော်တို့ မောင်နှမ ဆယ့်လေးယောက်စလုံး အဖေနဲ့အတူ နေထိုင်ကြပါတယ်။ အားလုံးလိုလိုက ပြသနာတွေ ကိုယ်စီနဲ့ပေါ့။ အဲဒီပြသနာတွေကို ဘယ်သူနဲ့ ပူးပေါင်းပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အဖေက ကျနော်တို့ကို အမြဲတမ်းလိုလို လမ်းညွှန်တတ်ပါတယ်။ အဲဒီလိုနဲ့ပဲ ကျနော်တို့ အိမ်လေးဟာ အမြဲ အေးချမ်းနေခဲ့ပါတယ်။

ကာ့တ်တုမ်မြို့မှာ နေတုန်းကဆိုရင် ကျနော့်အသက် ဆယ့်နှစ်နှစ် မရောက်မချင်း ကျနော် ကျောင်းမတက် ဖြစ်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် ရုန်းကန်နေရလို့ပါပဲ။ ကျောင်းတက်ရပြန်တော့လဲ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်နေရဆဲပါ။ ကျောင်းအပ်ဖို့နဲ့ ကျောင်းဝတ်စုံတွေအတွက် လုပ်ရတာပေါ့ဗျာ။ ကျနော့်အလုပ်တွေကတော့ ဈေးကို အဓိကထားပြီး လုပ်ရတဲ့ အလုပ်တွေပါ။ တစ်ခါတလေဆိုရင် သောက်ရေရောင်းတယ်၊ တစ်ခါတလေ ကျပြန်တော့ ပလတ်စတစ် အိတ်တွေ ရောင်းပါတယ်။

ဘတ်စကက်ဘော ကစားနည်းဟာ ကျနော်အကြိုက်ဆုံး ကစားနည်းတစ်ခုပါ။ အားကစား ၀တ်စုံတွေဝယ်ဖို့လဲ ကျနော် အမြဲတစေ အားထုတ်နေတတ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းကဆိုရင် ကျနော့်ကစားဖော် တွေ ဟာဘောလုံးပဲ အကန်များကြပါတယ်။ ကျနော်ကတော့ ဘောလုံးကို လက်နဲ့ပစ်၊ လက်နဲ့ဖမ်း၊ လက်နဲ့ ဂိုးသွင်း ရတာကိုပဲ နှစ်သက်နေခဲ့တာပါ။ ဘတ်စကက်ဘော ကစားကြပြီဆိုရင် ကျနော်ဟာ အမြဲတမ်းလိုလို ဖန်တီးသူ (play maker) နေရာမှာ ကစားဖြစ်ပါတယ်။ အမေရိကမှာတော့ အမှတ်စောင့် (point guard) လို့ ခေါ်မလားပဲ။ မာနူတီဘိုလ် (Manute Bol) လို့ခေါ်တဲ့ ကျနော့် ဦးလေးကတော့ အမေရိကန်မှာ လက်ရှိ ဘက်စကက်ဘော ကစားနေတဲ့သူပါ။

ကျနော့်အမေဆိုရင် အချိန်အတိုင်းအတာ တစ်ခု အထိ နှလုံးရောဂါကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ အမြဲတမ်းလိုလို မောနေတတ်တာပေါ့။ ကျနော့်အဖေ ငွေစုပြီးတဲ့ အချိန်မှာတော့ အမေ့ဝေဒနာတွေကို အဆုံးသတ်ပေးနိုင်ခဲ့တယ်လေ။ သမားတော်ကြီး တစ်ချို့နဲ့ အမေ့ကို ခွဲစိတ်ကုသပေးခဲ့တာပါ။ အမေ့ရဲ့ နှလုံးတစ်နေရာမှာ ပြွန်လေးတစ်ခု ထည့်ထားတယ် ဆိုတာလောက်တော့ ကျနော် သိထားပါတယ်။ အဲဒီ ခွဲစိပ်မှုဟာ အန္တရာယ် အလွန်များတဲ့ စွန့်စားမှုကြီး တစ်ခုဆိုတာ ပြောပြစရာမလိုဘဲ သိကြမှာပါ။ ခွဲစိပ်မှုကြီး အောင်အောင်မြင်မြင်နဲ့ ပြီးသွားတဲ့ အချိန်၊ အမေ နေပြန်ကောင်းလာတဲ့ အချိန်တွေဟာ ကျနော်တို့ မိသားစုရဲ့ အတိုင်းမသိ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ဆေးတစ်ချို့ကိုတော့ အမေ သောက်နေရသေးတာပေါ့ဗျာ။ တစ်ကယ်ပါ၊ ကာ့တ်တုမ်မြို့မှာ နေထိုင်တုန်း အမေ နေပြန်ကောင်းလာတာဟာ ကျနော်တို့ တစ်ခါမှ မရဖူးတဲ့ ပျော်ရွှင်မှု တစ်ခုကို ရခဲ့သလိုပါပဲ။ အမေ နေပြန်ကောင်းလာတော့ အဖေက အမေ့ကို နောက်ထပ်ကလေးယူဖို့ တိုင်ပင်ပါတယ်။ အဲဒီအကြောင်းကို အိမ်သားတွေကြားတော့ အလွန်အမင်း အံ့သြခဲ့ကြရပါတယ်။ ဘာလို့လဲ ဆိုတော့ အမေ နေကောင်းတာ ဘာမှ မကြာသေးတာလေ။ ဒါပေမယ့် အမေဟာ အောင်အောင်မြင်မြင်နဲ့ပဲ အဖေ့ကို သားယောက်ျားလေး တစ်ယောက် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ကလေးကိုတော့ ကျနော်တို့ ရိုးရာအယူအဆနဲ့ မိုတွန်မ် (Motoumn) လို့မှည့်ခေါ်ခဲ့ပါတယ်။ အဓိပါယ်ကတော့ လက်တွေ့စမ်းသပ်မှု လို့ အနီးစပ်ဆုံးဘာသာပြန်လို့ ရပါတယ်။

ကိုင်ရို (Cairo) ကို ကျနော်ရောက်လာဖြစ်တဲ့ ဇာတ်လမ်းကို ပြောရမယ်ဆိုရင် ကျနော် စာမေးပွဲ ကျတဲ့နေရာ ကနေ စပြောရမယ်ထင်တယ်။ ကျနော် စာမေးပွဲကျရတာဟာ ငွေရေးကြေးရေးကြောင့်ပါ။ ကျနော့် ဘ၀ကို အမြဲတမ်းလိုလိုပဲ ငွေ က ထိန်းချုပ်ထားတယ်လို့ ခံစားခဲ့မိပါတယ်။ ကျောင်းတက်နိုင်ဖို့ကို ကျနော် အလုပ်တွေ အသေအလဲ လုပ်ခဲ့ရပါတယ်။ စာမေးပွဲကျတော့ ကျနော့်ရဲ့ ပညာသင်ခြင်းအမှုလဲ ပြီးဆုံးသွားပါတော့တယ်။ ဘတ်စကက်ဘော ကစားတာလဲ စာသင်တာနဲ့အတူ ရပ်တန့်သွားပါတယ်။ ကျနော့်ရဲ့ အချိန်တွေကိုတော့ ဈေးထဲမှာပဲ အလုပ်လုပ်ရင်း ကုန်လွန်စေလိုက်ပါတယ်။ ကျနော့် အခြေအနေဟာ ဆဲလ်ဖုန်းနဲ့ အပိုပစ္စည်းတွေ ရောင်းတဲ့ အချိန်ကစပြီး အရင်ကထက် ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ ဖုန်းဘက်ထရီတွေ၊ တစ်ပါတ်ရစ် ဆဲလ်ဖုန်းတွေ၊ ဖုန်းအခွံတွေကို ကျနော် ရောင်းဝယ် ပါတယ်။ ပစ္စည်းတစ်ခုခုကို ဆူဒန်ပေါင်သုံးဆယ် (15 $) လောက်ပေးပြီး ကျနော် ၀ယ်ပါတယ်။ သုံးဆယ့်ငါးပေါင် လောက် ရရင်ကျနော်ပြန်ရောင်း ပါတယ်။ အမြတ် ငါးပေါင်ကတော့ ကျနော့် အတွက်ပေါ့ဗျာ။ အဲဒီအလုပ် ဟာ ကျနော့် အတွက် တော်တော်ကို ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ တစ်ခါတလေများမှာဆိုရင် တစ်ရက်တည်းနဲ့အမေရိကန်ဒေါ်လာတစ်ရာ လောက်ထိ ကျနော် ရှာနိုင်ခဲ့ပါတယ်။ ကျနော့်အတွက် အ၀တ်အစား သစ်တွေ ၀ယ်တယ်။ မရောက်ဖူးတဲ့ နေရာတွေကို သွား တယ်။ လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ကျနော် ကိုယ်တိုင် ရှာထားတဲ့ ငွေနဲ့ ခံစားလို့ ရခဲ့ပါတယ်။ ဆဲလ်ဖုန်း ၀ယ်ရောင်းလုပ်ငန်းနဲ့ ပိုက်ဆံစုနိုင်တဲ့ အချိန်ကျတော့ ကိုင်ရို (Cairo) ကိုသွားဖို့ ကျနော် စိတ်ကူးမိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပညာသင်ဖို့ပါပဲ။ ကျနော့်ရဲ့ စိတ်ကူးကို ကျနော့် မိဘတွေကို ဖွင့်ပြောဖြစ်ခဲ့ပါတယ်။ အစတုန်းကတော့ သူတို့ ကျနော့်ကို ခွင့်မပြုပါဘူး။ သူတို့ ခွင့်မပြုလေ၊ ကျနော်ဆက်တောင်းဆိုလေနဲ့ နောက်ဆုံးတော့ သူတို့ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ သူတို့ခွင့်ပြုပြီးတော့ ဆဲလ်ဖုန်း ရောင်းဝယ်တာနဲ့ အလုပ်တော်တော် ဖြစ်လိုက်ပါသေးတယ်။ ခရီးစရိတ် ထပ်ထွက်လာတာပေါ့ဗျာ။

အီဂျစ်ကိုသွားဖို့ ဗီဇာကို ဈေးထဲက ကျနော့်အသိမိတ်ဆွေ တစ်ယောက်အကူအညီနဲ့ အလွယ်တကူပဲ ရခဲ့ပါတယ်။ အရွယ်ရောက်တဲ့သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဆူဒန်ဥပဒေကို သူနဲ့ အဖေကပဲ ကျနော့်အတွက် ဖြေရှင်းပေးခဲ့တာပါ။ ကိုင်ရိုကိုရောက်တာ ၂၀၀၅ ခုနှစ် အောက်တိုဘာလ တုန်းကပါ။ အဲဒီတုန်းက ကျနော့်အသက် နှစ်ဆယ်ပြည့်ပြီးသွားပါပြီ။ ကာ့တ်တုမ်မြို့မှာနေတုန်းက အီဂျစ်ကို ရောက်ပြီး ပြန်လာတဲ့သူတွေ အပြောအရဆိုရင် အီဂျစ်ဟာ ကျနော်တို့ ဆူဒန်ထက် အများကြီး သာလွန်ပါတယ်တဲ့။ အဲဒီကနေတဆင့် ကနေဒါတို့ အမေရိကန်တို့ ဆက်သွားဖို့လည်း ပိုလွယ်ပါတယ်တဲ့။ နောက်တစ်ခု ထပ်ကြားဖူးထားတာက အီဂျစ်က လမ်းမတွေပေါ်မှာ လျှောက်သွားရင် အယုတ္တ၊ အနတ္တ စကားတွေ ကြားရလိမ့်မယ် ဆိုတာပါပဲ။ အဲဒီတုန်းက သူတို့ပြောတာကို ကျနော် လစ်လျူရှုခဲ့ပါတယ်။ အခု ကိုင်ရိုမှာ သူတို့ ပြောတဲ့အတိုင်း တစ်ထပ်တည်း ဖြစ်နေပါတယ်။ သူတို့တွေ samara, bunga bunga, chokolata ဆိုပြီး အတော်ကို ပြောကြပါတယ်။ ကျနော်အဲဒါတွေကို အတတ်နိုင်ဆုံး မကြားချင်ယောင်ဆောင်နေလိုက်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို ကြားနေရတာဟာ ကျနော့်အတွက် သက်တောင့်သက်သာ မရှိလှပါဘူး။

ကိုင်ရိုကို ရောက်ပြီး နှစ်ပါတ်အတွင်းမှာပဲ ကျနော်ရှိတဲ့ နေရာကို ကျနော့်အဒေါ်ရောက်လာပြီးတော့ သူနဲ့အတူ လိုက်နေဖို့ခေါ်ပါတယ်။ သူမနဲ့လိုက်နေဖို့ကို ကျနော်သိပ်ပြီး သဘောမတွေ့လှပါဘူး။ ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ သူမနေရာကို လိုက်သွားလိုက်ပါတယ်။ ဘတ်စ်ကားဂိတ်တစ်ခုနားမှာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပညာသင်ခွင့်ရဖို့ ကျနော်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေဟာ အထောက်အထား စာရွက်ကို အမျိုးမျိုးတောင်းတာကြောင့် အဲဒါတွေကို ဆူဒန်ကနေ ယူမလာမိတဲ့ ကျနော် ဘယ်လိုမှ ပညာမသင်ဖြစ်ခဲ့ပါဘူး။ ကျနော့်အသိတစ်ယောက် အကြံပေးတာကတော့ ကိုင်ရိုမှာရှိတဲ့ အမေရိကန် တက္ကသိုလ်မှာ ကျောင်းဆက်တက်သင့်တယ်လို့ ပြောလာပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေအတွက် သီးသန့် တန်းခွဲရှိတယ်လို့လဲ ပြောပါတယ်။ ပြသနာက အဲဒီကျောင်းဟာ ကျနော်နေတဲ့နေရာနဲ့ အတော်ကိုဝေးတဲ့ အချက်ပါပဲ။ သွားစရိတ် လာစရိတ်လဲ ကျနော့်အတွက် အင်မတန် ကြီးမားလာပါလိမ့်မယ်။ ဘယ်လိုမှ ကျောင်းတက်လို့ မဖြစ်သေးတော့ ပလတ်စတစ်ကုမ္မဏီတစ်ခုမှာ ကျနော် အလုပ်ဝင်လုပ်ပါတယ်။ အဲဒီကုမ္မဏီ ရဲ့ အဓိက ထုတ်ကုန်ကတော့ သန့်ရှင်းရေးပစ္စည်းတွေ ထုတ်လုပ်ခြင်းပါ။ ကျနော့်တာဝန်ကတော့ တံမျက်စည်း တစ်ချောင်းရဲ့ အစိတ်အပိုင်းတွေကို တံမျက်စည်းတစ်ချောင်း ဖြစ်လာအောင် တပ်ဆင်ရခြင်း ဖြစ်ပါတယ်။ ကာ့တ်တုမ်မြို့မှာနေပြီး ဆဲလ်ဖုန်းရောင်းဝယ် နေရတာဟာ အခုအလုပ်ထက် အများကြီးကို တော်ပါသေးတယ်။ ၀င်ငွေလဲ ဒီထက်ပိုများတယ်လေ။ အခုကျတော့ မိုးလင်းပြီဆိုရင် ကျနော် အလုပ်သွားရပြီ။ ညအချိန်တွေကိုတော့ ကျနော့်နေရာ တိုက်ခန်းထဲမှာပဲ အချိန်ကုန်လွန်စေခဲ့ပါတယ်။

ကိုင်ရိုကို ကျနော်ရောက်တော့ မူစတာဖာ မာမွတ် (Mustafa Mahmoud) ဆိုတဲ့လူ ဦးဆောင်ပြီး ဆန္ဒပြပွဲတွေ စ နေတဲ့ အချိန်ပါ။ သူ့အကြောင်းကိုတော့ ကိုင်ရိုကိုရောက်ရောက်ချင်းပဲ ကျနော် ကြားဖူးနေပါပြီ။ လ အနည်းငယ် ကြာပြီးနောက်မှာတော့ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြနေသူများနဲ့ပူးပေါင်းပြီး ကျနော်လဲ ဆန္ဒပြသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုင်ရိုမှာ ရောက်နေတဲ့ ဆူဒန်နိုင်ငံသားတွေအတွက် အထောက်အပံ့တွေ၊ အခွင့်အရေးတွေ တောင်းဆိုကြခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဆောင်းတွင်းကို ရောက်ရှိနေပါပြီ။ ဆန္ဒပြတဲ့သူတွေလဲ စောင်တွေ ကိုယ်စီနဲ့ပေါ့။ ကျနော်လဲ ကျနော့်ကိုယ်ပိုင်စောင်ကို ယူပြီးတော့ ဆန္ဒပြသူတွေကြား တိုးဝှေ့ထိုင်ခဲ့ပါတယ်။ ရက်အတော်များများကို ကျနော်တို့ ဒီလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တစ်ခါတလေကျတော့လဲ ဆန္ဒပြသူတွေအတွက် သောက်ရေ စုဆောင်းမှုနဲ့ အစားအသောက်ချက်ပြုတ်တဲ့ နေရာတွေမှာ ကြုံသလို ၀င်ကူတယ် ပေါ့ဗျာ။ ဆန္ဒပြတဲ့ လူထုအသိုင်းအ၀ိုင်းထဲမှာလဲ ပြသနာတွေကို ထိန်းသိမ်း ဖြေရှင်းပေးမယ့် လူငယ်အဖွဲ့ တစ်ဖွဲ့လဲ ရှိပါသေးတယ်။ ဥပမာ ထိုင်စရာနေရာနဲ့ ပါတ်သက်ပြီး စကားများတာတို့ ဘာတို့ပေါ့။ ကျနော်တို့ လူစုထဲမှာပဲ ရန်ဖြစ်ပြီး အချင်းချင်းကွဲနေကြရင်လဲ မဖြစ်သေးဘူးလေ။


နောက်ဆုံးဆန္ဒပြတဲ့ နေ့တုန်းက ပန်းခြံထဲမှာ ကျနော်ရှိမနေခဲ့ပါဘူး။ ဘေးအခန်းက ကျနော့်သူငယ်ချင်း ပြောမှပဲ ဆန္ဒပြနေတဲ့သူတွေကို ရဲတွေက ၀ိုင်းထားတယ်ဆိုတာကို သိရပါတယ်။ ဘုရားရေ ..... သူတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆန္ဒပြနေခဲ့တာလေ။ ကျနော်တော်တော်ကြီးကို တုန်လှုပ်သွားမိပါတယ်။ ဆန္ဒပြပွဲကြီး ပြီးဆုံးသွားတော့ ကျနော့်အတွက်လဲ ဘာမှပိုပြီး ထူးမလာပါဘူး။ ဘယ်သူမှလဲ ဘာမှ မထူးလာပါဘူး။ နောက်ဆက်တွဲရလဒ်ကတော့ ကိုင်ရိုမြို့သားတွေနဲ့ ကျနော်တို့ ဆူဒန်လူမျိုးအသိုင်းအ၀ိုင်းမှာ အမုန်းတရားတွေ ပိုကြီးလာတာပဲ အဖတ်တင်ပါတယ်။ ဒုက္ခသည်တစ်ယောက်ရဲ့ အထောက်အထားတွေလဲ ကျနော့်မှာ ဘာမှမရှိပါဘူး။ ကျနော်ဟာ အစောင့်ရှောက်ခံ ဒုက္ခသည်တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ဒုက္ခသည်စစ်စစ်ကြီးလဲ မဟုတ်ပြန်ပါဘူး။ ကျနော် ကိုင်ရိုကိုရောက်လာတာ ဘေးတစ်ခုခုကို တိမ်းရှောင်ပြီး ရောက်ခဲ့တာမဟုတ်ဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရောက်လာလို့ပဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် လူတွေဟာ စစ်မက်တွေ၊ ပြသနာတွေ ကြားမှာပဲ နေထိုင်ခဲ့ကြရတာပါ။ ကျနော် သတိထားမိသလောက်တော့ အခုချိန်ဟာ အရင်အချိန်တွေနဲ့ တော်တော်ကြီးကို ခြားနားလို့နေပါပြီ။ ကျနော် ကိုင်ရိုကိုထွက်လာတာလဲ အခွင့်အလမ်းတွေ ရှာဖွေဖို့ ထွက်လာတာပါ။ အဲဒါကြောင့်မို့လဲ အစောင့်ရှောက်ခံ ဒုက္ခသည် တစ်ယောက် ဖြစ်မလာတာပေါ့။ ဒါပေမယ့် ကျနော့်လိုလူမျိုးတွေဟာ နောက်ထပ်သော အထောက်အပံ့တွေကို လိုအပ်နေဆဲ ဖြစ်ပါတယ်။ ကိုင်ရိုမြို့ကြီးဟာလည်း ကျနော်တို့တွေ အသက်ရှင်နေထိုင်ဖို့ အလွန့်အလွန် ခက်ခဲတဲ့ နေရာတစ်ခု ဖြစ်လို့နေပါပြီ။

<ဆက်ပါဦးမည်>

/Out of Exile ဆိုတဲ့ စာအုပ်ထဲက
We Live Angry Lives ဆိုတဲ့ ဇာတ်လမ်းလေးကို
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။/



2 comments:

mama said...

ဖတ်လို.ကောင်းလိုက်တာ
မမ

~ဏီလင်းညို~ said...

အရူးလေးရေ...
ဆက်ရေးပါဦးနော့်... အားပေးနေပါတယ်...။ လာဖတ်ပါဦးမယ်...။
နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ...
ခင်မင်တတ်တဲ့
ဏီလင်းညို