Tuesday, December 22, 2009

ရင်ကွဲသံ

ယုဇန ပလာဇာ က တတိယလွှာကို တက်တဲ့ စက်လှေကား ဆုံးသွားတာနဲ့ 'မ'ရဲ့ ဆိုင်ကို ကျနော် လှမ်းမြင်လိုက်တယ်။ အဲဒီ ဆိုင်လေးထဲမှာ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေမယ့် သူရှိနေမယ်ဆိုတာ ဗေဒင်မေးရင်တောင် လွဲအုန်းမယ်။ ဘာလို့လဲ ဆိုတော့ သူက အလုပ်သည် သူ့အတွက် ပထမ၊ အလုပ်သည် သူ့အတွက် ဒုတိယ၊ အလုပ်သည် သူ့အတွက် တတိယ။ တခါတလေကျတော့လည်း သူအလုပ်တအားလုပ်တာကြီးကို ကြည့်လို့တောင် မရတော့ဘူး။ ဟုတ်တယ်လေ ... ချစ်သူနဲ့ အပြင်လေးဘာလေးထွက်၊ မုန့်လေးဘာလေးစား၊ အဲဒီလောက်ကိုတောင် အချိန်ပေးတာမဟုတ်ဘူး။ သူ့နေရာကို ၀င်ကြည့်မယ်ဆိုရင်လည်း သူ့ဘက်က လွန်တာတော့မဟုတ်ပါဘူး။ မိသားစုထဲမှာ သူက အကြီးဆုံး၊ မိသားစု တစ်ခုလုံးကို သူက ဒိုင်ခံ ရှာကျွေးနေရတာ.... အဲဒီတော့ သူ့ကိုတော့ အပြစ်မတင်တော့ပါဘူး၊ သူ့ကိုမှ ပိုးစိုးပက်စက် သွားချစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်တော့တယ်။

ကျနော် 'မ' ကို စတွေ့ခဲ့တာက တော်တော်လေးထူးဆန်းတယ် ပြောရမလား၊ ဖြစ်ခဲတယ် လို့ပဲ ပြောရမလား ......

အဖြစ်အပျက် (၁)

"ဟေ့ကောင်တွေ .... ညစာ ထွက်စားကြမယ်လေ" အသံသြသြကြီးနဲ့ အာပြဲလျှာပြဲ အော်လိုက်တာက ကိုမင်း ..
တစ်ကယ်တမ်းတော့ ကိုမင်း က ကျနော်တို့ အုပ်စုထဲမှာ အသက်အကြီးဆုံးပါ.... နာမည်အရင်းကတော့ နေမင်း ဆိုပြီး အမည်တွင်ပါတယ်။ နာမည်အဖျားကတော့ ကိုမင်း ပေါ့ဗျာ။

"အာ .... ကိုမင်းကလဲ၊ စွတ်အော်နေတယ် ... အာရုံတွေ ပျက်ကုန်ပီ။ ဒီမှာ ပုံဆွဲနေတာ .. နက်ဖြန်လာယူမယ်ဆိုလို့ ... " ကွန်ပျူတာရှေ့ကနေ ပြန်အော်တာက မျိုးလတ်။ ဒီကောင်က ဘလော့ဂါ ယောင်ယောင် .... အာခီ ယောင်ယောင်။ ဘလော့ဂ်တွေ ရေး၊ ပုံတွေဆွဲနဲ့ ကွန်ပျူတာရှေ့မှာ အမြဲ အချိန်ကုန် နေတတ်တဲ့ သူ ပေါ့ဗျာ။ (အမှန်အတိုင်း ၀န်ခံရရင် ဘလော့ဂ် ရေးတာရော၊ ဒီဇိုင်းဆွဲတာရော မျိုးလတ်က တော်တော့် ကိုခရီးပေါက်နေတာပါ ... အချင်းချင်းမို့လို့သာ ဒီကောင့်ကို ကျနော်တို့က စာရင်းမသွင်းတာ ...း)

"ဘယ်မှာ သွားစားမလဲ ကိုမင်း၊ ဒီနားက ဆိုင်တွေတော့ မမိုက်တော့ဘူးနော် ... စားလို့လဲ မကောင်းဘူး၊ ဈေးကလဲ ကြီးသေး....." အဲလိုပြန်မေးလိုက်တာက ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ကျနော် ရယ်ပါ။ ကျနော့် နာမည်က လင်းထင်၊ ရှမ်းဆိုတော့ စိုင်းလင်းထင် ပေါ့ဗျာ။ တစ်ကယ်တော့ ကျနော်ကသာ ယောင်ခုနှစ်ဆယ် ဖြစ်နေတာ၊ မန္တလေး တက္ကသိုလ်ကနေ ကျောင်းပြီးထားတယ်၊ နိုင်ငံခြားထွက်မယ် ဆိုပြီးတော့မှ သင်တန်းတွေ ပါတ်တက်နေတာပါ။

ကျနော်တို့ထဲမှာ အကုန်လုံးက နယ်က လူတွေချည်းပဲ။ ကျနော်ဆိုရင် ရှမ်းပြည်က၊ ကိုမင်းကျတော့ မန္တလေးသား၊ ဟိုကောင် မျိုးလတ်က ဘိတ်သား။ ကျနော်တို့တွေက ရှစ်မိုင် Junction 8 နောက်က ကွန်ဒို တစ်ခုမှာ မိဘတွေရဲ့ ကောင်းမှုနဲ့ ယာယီ နေနေရပါတယ်။ ကိုမင်းနဲ့ မျိုးလတ်ကတော့ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ်၊ ကျနော် တစ်ယောက်တည်း မိဘဆီကနေ လက်ဖြန့်တောင်းနေရတာ။

ထားလိုက်ပါတော့ ... ညစားသွားစားတဲ့ နေရာကနေ ပြန်စမယ်နော် ...

ကိုမင်းက သူ့ရဲ့ ၀ါးတီးဖွင့်မယ့် စကားကို ဆက်တယ်။
"ကျောက်ရေတွင်း လမ်းထိပ်မှာ ဆိုင်တစ်ဆိုင် ရှိတယ်၊ အစားအသောက် ကောင်းတယ်လို့ ကြားတယ်၊ အဲဒီမှာ သွားဆွဲကြည့်မယ်ကွာ "

"ကိုမင်း တို့ပဲ သွားလိုက်ကြတော့၊ ကျနော်လိုက်လို့ မဖြစ်ဘူး၊ ပုံတွေကို ဒီနေ့အပြီးသတ်မှ ဖြစ်မယ်..... ၊ နက်ဖြန် အပ်မှ ပိုက်ဆံရမှာ ... ကျနော့်အတွက် ပါဆယ်ဆွဲခဲ့ပေးလိုက် ... "

"ဟိုကောင် ငလင်း ... အ၀တ်လဲလေ၊ သွားမယ်ဆို"

"မလဲတော့ဘူး ကိုမင်း၊ ဒီတိုင်းပဲ သွားတော့မယ်" ဖတ်လက်စ စာအုပ်ကို ချပြီး နာရီနဲ့ wallet ကောက်ယူလိုက်တယ်။

"ကိုမင်း ဘာစားမလဲ၊ ကျနော်တော့ sea food ထမင်းကြော်ပဲ စားတော့မယ် "

ကိုမင်းက menu ကိုကြည့်ပြီး ဘာတွေမှာလဲ မသိပါဘူး၊ ဆိုင်ရဲ့ အပြင်အဆင်ကို လိုက်ငေးနေတော့ သူမှာတာတွေကို သတိမထားမိတော့ဘူး။ အဲလိုလိုက်ငေးနေတုန်းမှာပဲ ကျနော့်ရဲ့ ကျောဘက်ဆီကနေ

"ရေခဲမုန့်ကြော် နှစ်ပွဲ၊ ပါဆယ်နော်၊ မြန်မြန်လေး"

ဘုရား .. ဘုရား ရေခဲမုန့်ကြော်ဆိုပါလား။ မျက်လုံးပြူးသွားတယ်၊ ကျနော် ရန်ကုန်ကို ရောက်တာ တစ်နှစ်လောက်တော့ ရှိမယ်ထင်တယ်၊ ရေခဲမုန့်ကြော် ဆိုတာကို တစ်ခါမှမကြားဖူးဘူး။ ဘုရားစူး၊ မှာလိုက်တဲ့သူကို ကြည့်လိုက်တော့ ချစ်စရာလေးဗျ ...... သူကလဲ မျက်လုံးပြူး၊ မျက်ဆန်ပြူး နဲ့ သူ့ကို လိုက်ကြည့်နေတဲ့ ကျနော့်ကို အံ့အံ့သြသြနဲ့ ပြန်ကြည့်လာပါတယ်။ ရေခဲမုန့်ကြော်ဆိုတာ ဘယ်လိုမျိုးလဲလို့ ၀ိတ်တာကို မေးလိုက်တဲ့ ကျနော့်အသံ အဆုံးမှာ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ချို့ ဖြစ်ပြေးသွားတယ်။ ကျနော်ကလဲ သိချင်တာကို မအောင့်နိုင်တော့ဘူးလေ၊ ပြီးတော့ တောင်ပေါ်သား ဆိုတော့လဲ ပွင့်လင်းတယ်ပေါ့ (ပွင့်လင်းချက်က အိမ်သာတက်တာတောင် တံခါး မပိတ်ဘူး ဆိုလားပဲ ...... :P)။ ၀ိတ်တာကလဲ ပိန်းလိုက်တာ ဆိုတဲ့ အကြည့်မျိုးနဲ့ ရေခဲမုန့်ကြော်တစ်ခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းပြပါတယ်။ သိသွားတော့ "ဒီကိုလဲ တစ်ပွဲ လုပ်ကွာ" ကိုမင်း ကိုကြည့်လိုက်တော့ ခွက်ထိုးခွက်လန်ကို ရယ်လို့၊ ဟိုကောင်မလေးကျတော့လဲ ရယ်ချင်တာကို အတင်းမျိုသိပ်ထားသလိုလိုနဲ့။ အဲဒီအဖြစ်အပျက်က တော်တော်လေးကို အမှတ်တရ ဖြစ်သွားစေခဲ့ပါတယ်၊ အဓိကကတော့ ရေခဲမုန့်ကြော်မလေး ပေါ့ .................

အဖြစ်အပျက် (၂)

"ကိုမင်း ..... ကျိုက်ထီးရိုး တက်ရအောင်ဗျာ၊ မျိုးလတ် .. မင်းရော အားနေတယ်မဟုတ်လား "

"ကျားသားမိုးကြိုး၊ ဘုရားကိုတောင် ပုံမှန် မရှိခိုးတဲ့သူက ကျိုက်ထီးရိုးဆိုပဲ" မျိုးလတ်က ဇဝေဇ၀ါ မျက်နှာပေးနဲ့ ကိုမင်းမေးခွန်းကို အလိုက်သင့် ခေါင်းညိတ်နေတယ်။

"အတည်ပြောနေတာ .... မနက်က အိမ်က ပိုက်ဆံပို့လာတယ်၊ ပြီးတော့ သွားလည်း သွားချင်နေတယ် ... လုပ်ဗျာ ... သွားကြမယ်ဗျာ။ ကိုမင်းလဲ ခရီးထွက်ရင်း အပန်းဖြေရတာပေါ့၊ ငမျိုးလဲ တနေကုန် ကွန်ပျူတာနဲ့ နပန်းလုံးနေတော့ မျက်လုံးက ပုလင်းဖင် ဖြစ်တော့မယ် "

"အေးပါကွာ၊ သွားမှာပါ။ ငါက ဘုရားတရား လုပ်ချင်စိတ်ရှိပါတယ် .. မင်းတို့ကသာ ငါ့ကို ဖျက်လို ဖျက်ဆီး လုပ်နေကြတာ၊ ဟိုကောင် ငမျိုးရော ... လိုက်မယ်မဟုတ်လား "

"လိုက်မယ်လေ .... ကိုမင်းတို့ သွားကြမှတော့ ဒီမှာ ကျနော်တစ်ယောက်ထဲ ဘာလုပ်တော့မှာလဲ"

----------------------------

"တော်တော် အေးတယ်ကွ .. နော်" ရင်ဘတ်က ဇစ်ကို တင်းတင်းစေ့ရင်း ကိုမင်းစကားကို အတည်ပြုပြီး ခေါင်းငြိတ်ပြလိုက်ပါတယ်။

"ဒီညတော့ ဘုရားဖူးမယ်၊ ရွှေသင်္ကန်းကပ်မယ်၊ မနက်ကျမှာ ဆိုင်တုန်းတွေ လိုက်ကြည့်ကြတာပေါ့နော့" မျိုးလတ်ရဲ့ တိုင်ပင်သံပါနေတဲ့ အပြောပါ။

သုံးယောက်သား အတွေးကိုယ်စီနဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ လျှောက်၊ ပြီးတော့ ဘုရားရှိခိုး၊ ရွှေသင်္ကန်းကပ်ပြီး ဘုရားဖူးတွေရှိတဲ့ဘက်ကို ပြန်လာတယ်။ အဲဒီမှာ ပုံ့ပုံ့လေး ပုတီးထိုင်စိပ်နေတာ ဘယ်သူလို့ထင်မလဲ။ ရေခဲမုန့်ကြော်မလေး ပါ။ တော်တော်လေး အံ့သြသွားတယ်။ မျက်လုံးတွေဘာတွေပွတ်ပြီး တစ်ချက်ပြန်ကြည့် လိုက်တယ်။ ရှိနေတုန်းပဲ။ တစ်ကယ်ဆိုတာ သေချာသွားပြီပေါ့ဗျာ။ အတိုင်းမသိ ၀မ်းသာသွားတဲ့စိတ်နဲ့ ကိုမင်းကို လက်တို့လိုက်တယ်။

"ကိုမင်း .. ကိုမင်း ... ဟိုမှာလေ၊ ပုတီးထိုင်စိပ်နေတဲ့ တစ်ယောက်ကို မှတ်မိလား၊ ရေခဲမုန့်ကြော်လေ"

ကြောင်တောင်တောင် နိုင်လှတဲ့ ကျနော့်စကားကိုကြားတော့ ကျနော်ပြလိုက်တဲ့ တစ်ယောက်ကို အူတူတူ လိုက်ကြည့်နေပါတယ်။ မျိုးလတ်ကတော့ သူ့ရဲ့ ကိုယ်ပိုင်အမူအရာ ဖြစ်တဲ့ ဇဝေဇ၀ါ မျက်နှာပေးနဲ့ အရာအားလုံးကို လိုက်စူးစမ်းနေပါတယ်။

"ဘယ်တစ်ယောက်တုန်း ... ဘယ်ကရေခဲမုန့်ကြော်တုန်း ... " "သြော် .. ငါမှတ်မိပြီ၊ ကျောက်ရေတွင်းလမ်းထိပ်က ဆိုင်တုန်းက တစ်ယောက်မလား .. မင်းကို ရေခဲမုန့်ကြော်စားနည်း သင်ပေးတဲ့ တစ်ယောက်လေ ... "

ကျနော့်ကို နှက်လိုက်တဲ့ ကိုမင်းစကား အဆုံးမှာ မျိုးလတ်က ငါမသိ ဆိုတဲ့သဘောနဲ့ လက်ခါပြပြီး အခန်းကို ပြန်သွားပါတယ်။

"မျိုးလတ်တောင် ပြန်သွားပြီ၊ ငါတို့လည်း ပြန်ကြမယ်လေ၊ ကျိုးချင်နေပြီ ........"

"ကိုမင်း ပြန်နှင့်ဗျာ၊ ကျနော်ခန နေလိုက်အုန်းမယ်၊ အဲဒီတစ်ယောက်ကို စိတ်ဝင်စားနေပြီ ထင်တာပဲ"

ရယ်ကျဲကျဲနဲ့ ကိုမင်း ထွက်သွားတော့ ရေခဲမုန့်ကြော်လေးနဲ့ မနီးမဝေးမှာ ထိုင်ပြီး ကသိုင်းရှု နေလိုက်တယ်။ တစ်အောင့်ကြာတော့ ရေခဲမုန့်ကြော်လေး ပုတီးစိပ်ခြင်းအမှု ပြီးဆုံးသွားပါတယ်။ ကျနော့ကိုတွေ့တော့ သူလဲ ပြုံးစစ နဲ့ .... ပြုံးတယ်ဆိုကတည်းက ကျနော့်ကို မှတ်မိလို့ပဲပေါ့ (ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေတာပဲနော်)

အဖြစ်အပျက် (၃)

"မျိုးလတ် ... အပြင်သွားရအောင်ကွာ။ ငါပစ္စည်းတစ်ချို့ ၀ယ်ချင်လို့ .... "

"သွားလေ ... ငါလဲ ၀ယ်စရာရှိနေတယ်၊ ဘယ်သွားမလဲ ... "

"လမ်းကျယ် ဘက်သွားမယ်ကွာ ... အဲဒီမှာ ပစ္စည်းတွေ ရှာရတာလွယ်တယ်၊ ပြီးရင် ရှမ်းခေါက်ဆွဲနဲ့ ထမင်းချဉ် စားမယ်လေ ..."

"မင်းတောင် တော်တော် တိုးတက်နေပြီပဲ .. ငါတို့နဲ့ ပေါင်းလို့ထင်တယ် .. ဟဲဟဲ"

----------------------------

"ပစ္စည်းတွေဝယ်တာလဲ ပြီးသလောက် ရှိနေပြီ၊ ၀ါးမယ်ကွာ ဗိုက်ဆာပြီ၊ wallet တော့ ၀ယ်ရအုန်းမယ် ပြီးမှ ဆက်ရှာတော့မယ်"

"ဂွဒ်၏ .... ငါလည်း မင်းကျွေးမယ်ဆိုလို့သာ ဘာမှ မဟရဲသေးတာ။ ဆာတော့ အတော် ဆာနေပြီကွ" မျိုးလတ်ရဲ့ စပ်ဖြဲဖြဲလေသံနဲ့ အဖြေ။

ကျနော်တို့ လျှောက်လာရင်းနဲ့ ဆိုင်တစ်ဆိုင်ရှေ့ အဖြတ်မှာ ..................

......ရေ....ခဲ....မုန့်....ကြော် ......





/ဆက်ပါဦးမည်.../


No comments: