Tuesday, July 20, 2010

နင် နဲ့ ငါ



ဘယ်သူတွေ ဘာပြောပြော


ကျနော့်လမ်းကို ဖောက်နေဆဲပါ .....


သင်ဟာ ငှက်ကလေးတစ်ကောင် ဆိုရင်ရော

ကျနော့်အတွက် တေးဆိုပေးဦးမှာလား .....


ကိစ္စတော့ မရှိပါဘူး

ဒုက္ခနဲ့ ကျနော်က ငယ်ပေါင်းတွေပဲလေ .....


ကြယ် တွေလိုပဲ လင်းလိုက်စမ်းပါ

(ငါ) ရဲရင့်ပေးပါ့မယ် .....


ဒီလိုပဲပေါ့

ချိုတစ်လှည့် ခါးတစ်လှည့်ဆိုတာ .....



Friday, April 30, 2010

အဝယ်တော်



အိပ်၍မရ

ထို တစ်ညကို
လွတ်မြောက်အောင်ကြံ
ကံ က ဆောင်သည်
သြော် ....
လက်ကျန်လေးကို
ပြန်တွေ့ပြီ။ ။


တွေ့ပြန်သော်ငြား

အဝင်က ခါး
စပ်ဖို့ 'ဆော်ဒါ'
အပြေးရှာသည်
'Tesco' ဆီသို့
ဦးတည်သည်။ ။


အပြုံးချိုဆောင်

ရောင်းသူတောင်မှ
မျက်နှာရှုံ့သည်
ပေးလိုက်မိသည့်
အကြွေစေ့တွေ။ ။


လကုန်ရက်မို့

ခွင့်လွှတ်ပါရန်
မဆိုချင်သော်လည်း
ရှေ့ကမျက်နှာ
နောက်ကိုပို့လို့
အောင်မြင်စွာနှင့်
ဆုတ်ခွာသည်။ ။




Wednesday, April 21, 2010

ကျနော့်ရဲ့ သင်္ကြန်ရက်များ



သူငယ်ချင်းတယောက်က အီးမေးလ်ကနေ တိတ်တိတ်လေး တဂ်လာတော့လည်း လက်ဆော့လိုက်ပါဦးမယ်။ ကျနော့်ရဲ့ သင်္ကြန်ရက်တွေအကြောင်းကို ရေးပါဆိုတာနဲ့ ရေးလိုက်ပါတော့မည် ခင်ဗျား ....................


စ ပါပြီ .....................း)

အရှည်ဆုံး ရုံးပိတ်ရက် ရှိတဲ့ ဧပရယ်လ်ကို ရောက်လာတော့လည်း ထုံးစံအတိုင်း ရုံးပိတ်ရက်ကိုပဲ မျှော်ရတာပေါ့ဗျာ။ လဆန်းပိုင်းမှာတော့ အစည်းအဝေးက နှစ်ရက်ဆက်တိုက် တက်လိုက်ရတယ်။ ရုံးမတက်ရဘူး ပေါ့၊ သင်္ကြန် ရုံးပိတ်ရက်က စနေ၊ တနင်္ဂနွေ အပါအဝင် စုစုပေါင်း ကိုးရက်ပိတ်တယ်။ 10 ရက်နေ့ကနေ 18 ရက်ထိ၊ အဲဒီမတိုင်ခင်ရှေ့မှာလည်း အစည်းအဝေးဆိုလို့ နှစ်ရက် ရုံးမတက်ဖြစ်လိုက်ဘူး။


သင်္ကြန်အကြိုနေ့ (၁၃ ရက်နေ့)

အရင် ရုံးပိတ်ရက်တွေလို တော်တော် နောက်ကျပြီးမှကို အိပ်ယာက နိုးပါတယ်။ ဗိုက်လဲမဆာသေးတာနဲ့ စာအုပ်ပုံ မွှေလိုက်၊ ဂိမ်းဆော့လိုက်နဲ့ ၂ နာရီခွဲလောက် ကျတော့ မြန်မာထမင်းဆိုင်ကို အခန်းဖော် သူငယ်ချင်းနဲ့ ချီတက်ပါတော့တယ်။ ထမင်းစားပြီးပြန်လာတော့လည်း စာအုပ်ပဲ ဆက်ဖတ်၊ ဂိမ်းဆော့၊ အီးမေးလ်စစ်။ ရေတော့ နည်းနည်း စိုလိုက်တယ် ဒီနေ့အတွက် ................

သင်္ကြန်အကျနေ့ (၁၄ ရက်နေ့)

ညတုန်းက သူငယ်ချင်းတအုပ်နဲ့ လျှောက်လည်ကြဖို့ ပြောထားတာရှိတော့ အိပ်ယာက စောစောထဖြစ်တယ် (ကိုး နာရီလောက် ...း) ရေချိုးပြီးတော့ ကျနော်တို့အုပ်စုရဲ့ စုံရပ် မြန်မာထမင်းဆိုင်ကို သွားပါတယ်။ အခန်းဖော် သူငယ်ချင်း တိုက်တဲ့ ကော်ဖီ တဗူးကို ဘရိတ်ဖတ်အဖြစ်နဲ့ သောက်၊ ၁၅ မိနစ်လောက်စောင့်လိုက်တော့ ကျနော်တို့နဲ့ အတူတူလည်မယ့်သူတွေနဲ့ ကျနော်တို့ရဲ့ စီးတော်ယာဉ်ကြီး ရောက်လာပါတယ်။ ကားပေါ်မှာ ပါလာတဲ့ ပုံးတွေကို ရေဖြည့် .... လိုမယ်လို့ထင်တဲ့ ပစ္စည်းတွေယူပြီးတော့ ကျနော်တို့တွေ စ ထွက်ကြပါတယ်။

ချင်းမိုင် မြို့ရိုးတလျှောက်မှာလဲ ရေခဲတုံးတွေ၊ ရေပုံး၊ ရေခွက်၊ ရေပြွတ်သေနတ်၊ ဦးထုပ်တွေရောင်းနေတာလဲ ပြည့်ကျပ်နေပါတယ်။ ဆွန်တောက်လို့ခေါ်တဲ့ မြို့တံခါးနားမှာ ရေခဲတုံးတွေဝယ် ကျနော်တို့ ကားပေါ်မှာ ပါလာတဲ့ ရေပုံးတွေထဲကို စပြီး စိမ်ပါတယ်။ ပြီးတော့ ကားပေါ်ကနေပဲ တခြားသူတွေကိုပက်၊ တခြား ကားပေါ်က သူတွေကိုပက်၊ ရေခဲရေ ထိတော့ အော်သွားကြလိုက်ကြတာ မျိုးစုံပဲ။ တချို့ကလဲ အား ... တဲ့၊ တချို့ကျတော့ အိုး ..... တဲ့၊ တချို့တွေကျပြန်တော့လဲ အွီး .... အွေး .... အစုံပါပဲဗျာ။ အဲလိုတွေကြားတော့လည်း ကျနော်တို့ တကားလုံး ရယ်လိုက်ကြတာ သောသောကိုညံလို့ ................. (ကိုယ်တွေ ရေခဲရေနဲ့ ပြန်ပက်ခံရတော့လဲ အဲလိုပဲ အော်တာပါပဲ ... မထူးပါဘူး ....း)

နေ့လည်စာကိုတော့ မြန်မာထမင်းဆိုင်မှာပဲ ပြန်လာစားဖြစ်ကြပါတယ်။ ကျနော်တို့ကားပေါ်မှာ အားလုံးပေါင်း ရှစ်ယောက်၊ ထမင်းစားပြီးတော့ တယောက်တိုးလာတယ် ကိုးယောက်ဖြစ်သွားပါတယ်။ နေ့လည်ပိုင်းမှာတော့ ချင်းမိုင်မြို့ 700 stadium နားက ဟွေ့သင်းထောက် လို့ခေါ်တဲ့ ရေကန်အကြီးကြီးကို ရောက်သွားပါတယ်။ အဲဒီမှာ ရေကူး၊ ကျွတ်စီး၊ သင်္ဘောသီးထောင်းစားပြီး ပြန်လာတယ်။ ချင်းမိုင် Central Super Market ရှေ့က မဏ္ဍပ်ကို ညနေပိုင်း ခြောက်နာရီလောက် ပြန်ရောက်လာပြီးမှ ကကြ ခုန်ကြပေါ့ဗျာ။

တူးပို့ တူးပို့သံတွေ မပါတဲ့သင်္ကြန်
ရေနည်းနည်းနဲ့ပဲ ပက်တဲ့သင်္ကြန်
သံချပ်ထိုးးလို့ မရတဲ့သင်္ကြန်
သင်္ကြန်မရှိတဲ့ နေရာနဲ့စာရင်တော့
တော်သေးတာပေါ့ဗျာ ..........

သင်္ကြန် အကြတ်နေ့ (၁၅ ရက်နေ့)

မနေ့ကလူ၊ မနေ့ကကား (ယာဉ်မောင်းတော့ ပြောင်းသွားတယ်) နဲ့ပဲ ဆက်လည်ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ချင်းမိုင်ကနေ တနာရီခရီးလောက်ရှိမယ်ထင်တယ် ရေပူစမ်းကို သွားကြတယ်။ ရေပူစမ်း မရောက်ခင် ကျောက်ဂူတခုကို သွားကြသေးတယ်။ နာမည်တော့ မသိဘူး ..... တောင်ထိပ်တခုကနေ ဝင်ရတာ ... အဲဒီ ကျောက်ဂူထဲကို။ အဝင်ဝမှာ လူကြီးတယောက်က စားပွဲတလုံးပေါ်မှာ ဓါတ်မီးလေးတွေ တင်ပြီးတော့ ဝင်မယ့်သူတွေကို ငှားနေတယ်။ တလက်ကို ဘတ် ၂၀ တဲ့၊ ကိုယ်လည်း မရောက်ဖူးဘူးဆိုတော့ အထဲမှာ တော်တော်မှောင်မယ်ထင်လို့ ငှားလိုက်တယ်၊ ကျန်တဲ့သူတွေလဲ နှစ်ယောက် ၁ လက်၊ သုံးယောက် ၁ လက်နဲ့ ငှားကြတာပေါ့။ အထဲကိုရောက်တော့ ဓါတ်မီးအလင်းရောင်က မတိုးဘူးဖြစ်နေတယ်၊ မီးချောင်းတွေကြောင့်မို့ .. ကိုယ်တွေလဲ ခံလိုက်ရပြီဆိုတာ အဲဒီအချိန်မှပဲ သိတော့တယ်။

ကျောက်ဂူထဲမှာတော့ အပြင်ကရေစိုလာလို့ ပိုအေးနေသလိုရှိပါတယ်။ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်တုံး တွေကို ပုံဖော်ထားတာတွေကို အများဆုံး တွေ့ရပါတယ်။ အတွင်းပိုင်း တနေရာမှာ သူများတွေပြောကြတဲ့ နဂါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ ရှိတယ်တဲ့။ အဲဒါ သွားကြည့်လိုက်တော့ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ နဂါးရဲ့ ကိုယ်လုံးနဲ့ တော်တော်လေးကို ဆင်ဆင်တူပါတယ်။ ခေါင်းတွေဘာတွေကတော့ ဘယ်ရောက်နေလဲမသိဘူးပေါ့။ အဲဒီကနေ ရေပူစမ်းဆီကို ဦးတည်ကြပါတယ်။ သူငယ်ချင်းတွေက ကြက်ဥတွေ၊ ငုံးဥတွေဝယ်ပြီး ပြုတ်စားကြတယ်။ ကျနော်ကတော့ ၁၀ ဘတ်တန် အုန်းရည်သောက်ခဲ့တယ်။ ရေပူထဲမှာ ခြေထောက်စိမ်နေရင် ခြေထောက်ကိုက်တာတွေပျောက်ပြီး သွေးလှည့်ပါတ်မှု ကောင်းတယ်ဆိုလို့ သွားစိမ်တာ ... ရေထဲကို ချချလိုက်ခြင်းမှာ ဘယ်လိုမှနေလို့မရဘူး .. ပူကျစ်နေတာဗျာ၊ ချက်ခြင်း ပြန်ထုတ်ရတယ် ခြေထောက်ကို၊ ဖြည်းဖြည်းချင်းစိမ် .... ၂ မိနစ်လောက် ငြိမ်ငြိမ်လေးနေလိုက်တော့မှ နေသားကျသွားတယ်။ နေသားကျသွားတော့လဲ လှုပ်လို့မရဲဘူး ခြေထောက်ကို၊ လှုပ်လိုက်ရင် အရေခွံတွေကို လှန်ပစ်သလိုမျိုးခံစားရတယ်။ အဲဒီမှာ ရေနွေး (ရေပူဆိုရင် ပိုမှန်ပါလိမ့်မယ်) စိမ်ပြီးတော့ ပြန်ထုတ်လိုက်တာ နီရဲ နေတာပဲ ခြေထောက်တွေလေ .....

နေ့လည်ပိုင်း ရေပူစမ်းကပြန်လာတော့ ကျနော်တို့အသိ အကိုကြီးတယောက်က မုန့်ဟင်းခါးချက်တယ်၊ သွားစား ကြပါဆိုတာနဲ့ အုပ်စုလိုက် လိမ့်ကြတော့တာပေါ့။ မုန့်ဟင်းခါးကဗျာ ငါး အသားစတွေနိုင်နိုင် (ငါးဥတွေလဲ ပါသေးတယ်) လျှာဖျားမှာ ဆိမ့် နေတာပဲ .... ပြန်စဉ်းစားရင် ခုတောင် ပြန်စားချင်တယ်။ အဲဒီမှာ အဝ ဆွဲ ... ပြီးတော့ ချင်းမိုင် ကျုံးတလျှောက် ပြန်ပါတ် .... အဲဒီအချိန် ကျနော်တို့ကားက ရေပုံးတွေထဲမှာ ရေခဲမရှိတော့ဘူး ... ဆိုတော့ ကိုယ်ပက်တာတွေက သူများတွေကို မခြိမ်းခြောက်နိုင်ခဲ့ဘူး :P သူများတွေ ရေခဲရေနဲ့ ပက်တာကိုပဲ တအီးအီး တအိုးအိုးနဲ့ ခံခဲ့ရတာပေါ့ ......း(

အဲလိုပဲ လည်ရင်း လည်ရင်းနဲ့ တရက် ကုန်သွားပြန်ပါရောဗျာ ...........
(ရန်ကုန်မှာ ဗုံးကွဲတယ်ကြားတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရသေးတယ်)

သင်္ကြန် အတက်နေ့ (၁၆ ရက်နေ့)

ထိုင်းတွေက ဒီရက် ရောက်ရင် ရေမပက်ကြတော့ပါဘူး ............

အဲဒီတော့ အိမ်မှာပဲ၊ အိမ်ထဲမှာပဲ ပေါ့ဗျာ ..............

သင်္ကြန်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ ပိုက်ဆံအိတ်နဲ့ ဖုန်း ပျောက်သွားတယ်

တကိုယ်လုံး မည်းတူးသွားတယ် ........း((

(ဒီလိုသင်္ကြန်မျိုးနဲ့ နောက်တခါ မျက်စောင်းထိုးလေးတောင် မကြုံရပါစေနဲ့ ...)


သည်းခံပြီး ဖတ်ပေးသွားလို့ ကျေးဇူး အကြီးကြီး တင်ပါတယ်ဗျာ။ ဒီနှစ် သင်္ကြန်တော့ ဘန်ကောက်မှာ မငြိမ်မသက်တွေဖြစ်လို့ ချင်းမိုင်မှာ လာစည်ကားနေတယ်လို့တော့ ပြောကြတယ်ဗျ။




Monday, April 12, 2010

အိမ်ပြန်ချင်တယ် ....


လောလောဆယ်တော့ ဘာမှ ရေးဖြစ်ဦးမှာ မဟုတ်ပါဘူးလို့ .........................

စိတ်ထဲမှာ အိမ်ပြန်ချင်တာပဲ ရှိနေတယ်ဗျာ ....................








Sunday, March 28, 2010

ပေါ့ပေါ့ပါးပါး



ကံဆိုးတယ်


ပထမလူ ။ ။ ငါ့ကံ ဆိုးပုံများကွာ။ အလုပ်မရခင် အရင်ဆုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။

ဒုတိယလူ ။ ။ ဘယ်လိုဖြစ်လို့တုန်း။

ပထမလူ ။ ။ အလုပ်သွားလျှောက်တာကွာ၊ ဘယ်နေရာမှာ လစ်လပ်နေသလဲလို့ ဝန်ထမ်းတွေ တယောက်ပြီးတယောက်ဆီကို လိုက်မေးတာ၊ အလုပ်ရှင်က တွေ့သွားတော့ မန်နေဂျာကိုခေါ်ပြီးမှ ဟိုကောင် အလုပ်ချိန်မှာ စကားပါတ်များနေတယ်၊ အလုပ်ထုတ်လိုက်တဲ့။


အချိန်ကောင်း

ရေဒီယိုသတင်းနားထောင်နေသော သမက်ဖြစ်သူကို ယောက္ခမက မေးလိုက်သည်။

ယောက္ခမ ။ ။ ဟဲ့ ... ရွှေဈေးတွေ ဘယ်လိုဖြစ်နေသလဲ။

သမက် ။ ။ ဘာလုပ်ဖို့လဲ။

ယောက္ခမ ။ ။ ငါငယ်ငယ်က ရွှေဆွဲပြားလေး မျိုချထားမိတယ်။ အဲဒါ ပြန်သွားထုတ်ရင် ကောင်းမလားလို့ ....


ကောင်းလိုက်တဲ့ မျက်လုံး

ကားတစီးက ဘတ်စ်ကားမှတ်တိုင်တခုကို တိုက်မိသဖြင့် ရဲက ယာဉ်မောင်းကို စစ်မေးနေချိန်ဖြစ်သည်။

ရဲ ။ ။ ခင်ဗျားက ဘာလို့ မှတ်တိုင်ကို ဝင်တိုက်တာလဲ။

ယာဉ်မောင်း ။ ။ မှတ်တိုင်က ဓါတ်တိုင်လောက် မတုတ်လို့ပါခင်ဗျာ။

ရဲ။ ။ အဓိပ္ပါယ်မရှိတာဗျာ၊ မှတ်တိုင်က မှတ်တိုင်လောက်ပဲ ရှိမှာပေါ့။

ယာဉ်မောင်း ။ ။ အဓိပ္ပါယ်ရှိပါတယ်ဗျာ။ ကျနော့်မှာ မျက်မှန် ပါမလာလို့ပါ။


အပေါင်းအသင်းတွေကြားထဲ ပြောဖြစ်တာလေးတွေကို ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျာ။
ရေးစရာ ပြတ်နေတာလဲ ပါတာပေါ့ .....း))




Sunday, March 14, 2010

သူငယ်ချင်း


မင်းရဲ့ အဆင်မပြေမှုတွေ၊ ကြောက်ရွံ့မှုတွေကို
(ငါ) မဖြေရှင်းပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်းရဲ့ ပြဿနာတွေကို ငါနားထောင်ပေးနိုင်တယ်
ပြီးတော့ နည်းလမ်းအသစ်တွေကို
ငါတို့ အတူစဉ်းစားကြတာပေါ့ ....

မင်းရဲ့ နာကျင်မှုတွေနဲ့ အတိတ်တွေ
မသေချာမှုတွေနဲ့ အနာဂတ်ကို
(ငါ) မပြောင်းလဲပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်း ငါ့ကို လိုအပ်လာရင်တော့
(ငါ) အချိန်မရွေး အဆင်သင့် ဖြစ်နေမှာပါ ....

မင်းရဲ့ ခြေလှမ်းတွေကိုလဲ
(ငါ) တားပိုင်ခွင့် မရှိပါဘူး ....
ဒါပေမယ့် မင်းပြုတ်ကျခဲ့မယ်ဆိုရင်တော့
ငါ့ရဲ့ လက်တစုံဟာ
မင်းအတွက် ဖြစ်ရပါစေမယ် ....

မင်းရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေဟာ
(ငါ) ပိုင်ဆိုင်တာ မဟုတ်ပါဘူး ....
ဘေးကနေပြီး
မင်းရဲ့ ရယ်သံတွေကိုပဲ
မျှဝေခံစားခွင့် ရှိတာပါ ....

မင်းရဲ့ ဆုံးဖြတ်ချက်နဲ့ မင်း ဘဝအတွက်
(ငါ) ဘာ အာဏာမှ မရှိပါဘူး ....
မင်းကို ပံ့ပိုးပေးရုံ၊ အားပေးရုံ
မေးခွန်းတွေအတွက် အဖြေတွေကို
စဉ်းစားပေးရုံလောက်ပဲ
(ငါ) တတ်နိုင်တာပါ ....

မင်းအတွက် စည်းမျဉ်း စည်းကမ်းတွေကို
(ငါ) ချပေးလို့ မရပါဘူး ...
ဒါပေမယ့် မင်းရဲ့ အတွေးအခေါ်တွေ
ရှင်သန်ဖို့၊ လတ်ဆတ်ဖို့ အတွက်
နေရာလေးတခုလောက်တော့
ငါရှာပေးနိုင်ပါတယ် ....

မင်းရဲ့ အသည်းကွဲ ဒဏ်ရာတွေကို
(ငါ) နားမလည်ပါဘူး ....
အနည်းဆုံးတော့
မင်းနဲ့အတူ ငိုကြွေးပေးလို့ရတယ်
မင်းရဲ့ အသည်းအပိုင်းအစတွေကို
နေရာတကျ ပြန်ထားဖို့တော့
(ငါ) တတ်နိုင်ပါတယ် ....

မင်း ဘယ်သူလဲ ဆိုတာကိုတော့
(ငါ) မသိပါဘူး ....
ဒါပေမယ့်
မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့လောက်ကိုတော့
(ငါ) တတ်နိုင်ပါတယ် ....


Portrait of a Friend ဆိုတဲ့ ကဗျာလေးကို
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
နဂိုမူရင်း ရေးသားသူကိုတော့
မသိရပါဘူး ခင်ဗျာ




Sunday, February 28, 2010

Why Worry ?


လောကမှာ ပူပန်စရာ နှစ်ခုပဲ ရှိပါတယ်။


ကျန်းမာတာနဲ့ မကျန်းမာတာ ဖြစ်ပါတယ်။

ကျန်းမာနေရင် ဘာမှ ပူစရာ မရှိတော့ဘူး။

မကျန်းမာရင်တော့ ပူစရာ နှစ်ခုရှိတယ်။

နေပြန်ကောင်းရင်ကောင်း၊

မကောင်းရင် သေသွားနိုင်တယ်။

နေပြန်ကောင်းသွားရင်တော့ ဘာမှပူစရာမရှိတော့ဘူးပေါ့။

သေသွားရင်တော့ ပူစရာနှစ်ခုရှိတယ်။

ကောင်းကင်ဘုံကို ရောက်သွားရင်တော့

ဘာမှပူစရာ မရှိတော့ဘူး။

ဒါပေမယ့် ငရဲကို ရောက်သွားရင်လဲ

မိတ်ဟောင်းဆွေဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး

အလုပ်တွေရှုပ်နေရမှာနဲ့

ပူနေဖို့အချိန်တောင် ရှိမှာ မဟုတ်တော့ပါဘူး။ ။




ဆရာ လူထုစိန်ဝင်းရဲ့ လူထုရနံ့ စာစုများဆိုတဲ့ စာအုပ်ထဲက ကဗျာလေးကို ပြန်ပြီး မျှဝေပေးလိုက်တာပါ။
ပူပန်ခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ ............