Monday, November 2, 2009

ထင်ကျန်နေခဲ့သော တန်ဆောင်တိုင်

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ခါ ပုံမှန်ပွဲတော် ဖြစ်တဲ့ တန်ဆောင်မုန်း ပွဲကို ရောက်ဖြစ်ခဲ့တယ်။
ကျနော်တို့မြန်မာနိုင်ငံသားတွေကတော့ တန်ဆောင်တိုင်ပွဲတော်လို့ခေါ်ကြတယ်ပေါ့ဗျာ။
ဒီမှာကတော့ Loikrathong လို့ခေါ်ပါတယ်။ လွယ်အောင် ပြောရမယ်ဆိုရင်တော့ မီးမျှောပွဲလို့ ပြောလို့ရမယ်ထင်တယ်။ အဲဒီပွဲမှာ လူတိုင်းလူတိုင်း လိုလိုကနေပြီးတော့ ငှက်ပျောတုံးကို ပန်းတွေနဲ့ အလှဆင်၊ ပြီးတော့ အဲဒီအပေါ်မှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေထွန်း၊ ငွေအကြွေစေ့လေးတွေထည့် ပြီးတော့ ဆုတောင်းပြီး မယ့်ပိင်းမြစ် (Nam Mae Ping) ထဲကို မျှောလိုက်ကြပါတယ်။ မိသားစုနဲ့သွားတဲ့သူတွေကတော့ ကျန်းမာရေး ကောင်းအောင်၊ လာဘ်လာဘကောင်းအောင် ဆုတောင်းပြီး မျှောကြတယ်ပေါ့ဗျာ။ စုံတွဲခုတ်သွားကြတဲ့ သူတွေကတော့ သိတဲ့ အတိုင်းပဲပေါ့ ဘာတွေဆုတောင်းကြမလဲဆိုတာ။


အဲဒီပွဲမှာ မီးပုံးပျံတွေလဲ လွှတ်ကြတယ် .... ညဘက်ဆို ကောင်းကင် တစ်ခုလုံး မီးပုံးပျံတွေ ချည်းပါပဲ။
ပြီးတော့ ပစ်လိုက်ကြတဲ့ မီးရှုး၊ မီးပန်းတွေ .... နေ့ခင်းဘက် လင်းနေတဲ့အတိုင်းပဲဗျာ။
ဗျောက်အိုးတွေရဲ့ အသံ၊ မီးပန်းတွေ ပစ်လို့ထွက်လာတဲ့ အသံတွေကလဲ အုန်းအုန်း ဂျိမ်းဂျိမ်းနဲ့။


ခုနှစ်နာရီ လောက်မှာထင်တယ်။ ဖုန်း ..... မြည်လာတယ်
သွားလည်မလားတဲ့။ အဖော်စပ်လာတယ် (တစ်ယောက်ကပေါ့ဗျာ)
သွားမယ် လို့၊ ပြီးတော့ လာခေါ် လို့။ အိမ်ကနေထွက်သွားဖို့ စီးတော်ယာဉ်မှ မရှိတာဗျာ .. ဟုတ်တယ်မလား။
ဟုတ်ပါပြီ တဲ့၊ အိမ်မှာပဲ စောင့်နေလိုက်တဲ့၊ လာခေါ်မယ် ဆိုပဲ။
အဲဒါနဲ့ ရေချိုး၊ အ၀တ်လဲ၊ ပြီးတော့ ဂစ်တာဆွဲပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။ ခနနေကျတော့ ဖုန်းထပ်ဆက်လာတယ်၊ မယ့်ပိင်းမြစ်ကို ဖြတ်လာလို့ မရဘူး တဲ့၊ ဘယ်လိုလာရမယ်ဆိုတာလဲ မသိတော့ဘူး တဲ့။ ဒွတ်ခပဲ ... သူကလဲ ရောက်မလာနိုင်၊ ကိုယ်ကလဲ သွားလို့မရ၊ ဘာလုပ်ရတော့မတုန်း ..... စဉ်းစား .. စဉ်းစား။
စဉ်းစားခန်း ၀င်နေတုန်းမှာပဲ သူငယ်ချင်းတစ်ယောက် ရုံးဆင်းပြီးပြန်လာတယ်။ ကိုယ်တော်ချောက တော်တော်လေး သားနားနေပါလား (ခိုင်းရတော့မှာမို့လို့း)။ အဲဒါနဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး လိုက်ပို့ခိုင်းတယ်။ သူလဲ လိုက်ပို့ပေးရှာပါတယ် (ကျေးဇူးတင်လိုက်တာ) ......း)


အဲဒါနဲ့ ကျနော်လဲ မယ့်ပိင်းမြစ်ကမ်းဘေးကို သူငယ်ချင်း ကောင်းမှုနဲ့ ရောက်သွားတယ်။ Chiang Mai က တန်ဆောင်တိုင်ပွဲက မယ့်ပိင်းမြစ် တစ်လျှောက်မှာ လုပ်ကြတာလေ။ အဲဒါနဲ့ လူအုပ်ထဲမှာ တစ်ယောက်ကို တစ်ယောက်ရှာကြ၊ ဖွေကြ၊ တခါတလေ ကိုယ့်ဘေးနားမှာ ဗျောက်အိုးကွဲရင် ယောင်မိလိုက်နဲ့ .... သြော် .. ဒါလဲ အရသာတစ်မျိုး ပါလားနော် ... (နည်းနည်းတော့ စိတ်ပင်ပန်းတယ်ပေါ့ဗျာ)


ထိုင်းသီချင်းကြီးတွေဆိုနေတဲ့ စတိတ်စင်ရှေ့မှာ သွားတွေ့လိုက်တယ် ကျနော့်ကို စောင့်နေတယ်ဆိုတဲ့ သူ့ကို ...
တွေ့ပြီးတော့ လူကြားထဲကို တိုးဝှေ့ပြီးလျှောက်ကြတယ်။ ပြီးတော့ Krathong တစ်ခုဝယ် ...... မျှောဖို့ ပြင်ဆင်ကြတယ်ပေါ့။ အဖြစ်အပျက်တစ်ခု ပြောပြရအုန်းမယ်ဗျ။ Krathong မျှောတယ်ဆိုတာ ဒါ ကျနော့်အတွက် ပထမဆုံးအကြိမ်ပါ။ ဘာတွေ ဘယ်လို လုပ်ပြီး ဘယ်လိုမျှောရမလဲ ဆိုတာမသိ။ ကျနော်လဲ ချက်ချင်းပဲ ၀ယ်လာတဲ့ Krathong ကို ဖယောင်းတိုင်ထွန်း၊ အမွှေးတိုင်ထွန်း၊ ဒီတိုင်းပဲ မျှောချလိုက်တယ်။ အဲဒါကိုတွေ့တော့ ကျနော်နဲ့ ပါလာတဲ့ တစ်ယောက်က မျက်လုံးတွေ ဘာတွေပြူးပြီး အဲဒီ မျှောလိုက်တဲ့ Krathong ကိုပြန်ဆွဲ ခိုင်းတယ်။ တော်သေးတာပေါ့ ကမ်းနဲ့ ဝေးဝေးကို မရောက်သေးလို့။ ဒါပေမယ့် ကုန်းရုန်းပြီးတော့ ဆွဲလိုက်ရတယ် ..း) ပြန်ဆွဲလာပြီးတော့ အကြွေစေ့ထည့်၊ ဆုတောင်းပြီး နှစ်ယောက်အတူမျှောလိုက် ကြတယ်ပေါ့ ......... (ထစ်ထစ် ငေါ့ငေါ့ ဖြစ်နေတော့ စိတ်ထဲက သိပ်မကျေနပ်သေးဘူးဗျ) ..... ပွဲခင်းထဲ ထပ်လျှောက် ၊ နောက်တစ်ခု ထပ်ဝယ်၊ နောက်တစ်ခါ ထပ်မျှောဖို့ ပြင်၊ ဒီတစ်ခါတော့ ချောချော မွေ့မွေ့ပါပဲ။



အဲ .... ဒုတိယအကြိမ် မျှောလိုက်တဲ့ အခေါက်မှာ တစ်မျိုးထပ်တွေ့လိုက်တယ်။ အဲဒါကတော့ ကလေးလေး တစ်ယောက်ရယ်ပါ။ ဆယ့်နှစ် ဆယ့်သုံးလောက်ပဲ ရှိအုန်းမယ်ထင်တယ်။ မြစ်ထဲမှာ သူများတွေ မျှောလိုက်တဲ့ Krathong တွေက ငွေအကြွေစေ့လေးတွေ လိုက်ရှာပြီး စုနေတာဗျာ။ အဲဒီမြင်ကွင်းကို မြင်တော့ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းကို မသိတော့ဘူးဗျာ။ သူများတွေက အနွေးထည်တွေ ကိုယ်စီနဲ့၊ သူ့ခမျာတော့ မချမ်းနိုင်၊ ကလေးလေး ဖြစ်နေလည်းပဲ မိသားစု အရေးအတွက် ငွေရှာနေရတယ်။ အဲဒီကလေးလေး ကုန်းပေါ်ပြန်တက် လာတော့ သူ့ကို မုန့်တစ်ချို့ ၀ယ်ကျွေး၊ စကားခန ထိုင်ပြောဖြစ်ကြပါတယ်။ သူ့မှာ မောင်နှမ ငါးယောက်ရှိတယ် တဲ့၊ အဖေဖြစ်သူက အလုပ်မလုပ်၊ အမေကတော့ မီးပွိုင့်မှာ ပန်းလိုက်ရောင်းပါတယ်တဲ့၊ သူရယ် သူ့အောက်က ညီမလေး တစ်ယောက်ရယ်က သူတို့ အမေကိုကူပြီး ငွေရှာကြရပါတယ်။ နေ့ခင်းဘက်တွေဆိုရင် မီးပွိုင့်မိတဲ့ ကားကြို၊ ကားကြားထဲကို သွားပြီး တခါတလေ မြေပဲပြုတ်၊ တခါတလေ ပန်းရောင်းပြီးတော့ ရုန်းကန် ကြရပါတယ်တဲ့။ စာကိုတော့ တစ်ပါတ်မှာ နှစ်ခါလောက်ပဲ သင်ဖြစ်ပါတယ်တဲ့။ ကြည့်ပါအုန်းဗျာ ..... ထိုင်းနိုင်ငံလို တိုးတက်နေတဲ့ နိုင်ငံမှာလဲ ဒီလို အဖြစ်အပျက်တွေ ရှိနေတုန်းပါပဲလားနော် ...





1 comment:

susannyunn said...

this one givez me much knowledge of THAI TASAUNGDINE festival.....luv it so muchh... keep ur work up....tine kwat...:clap :clap :clap...>>:))))