Friday, July 24, 2009

Saigon သား ကျွန်တော် (၁)

ကျနော့်ကို ဆိုင်ဂုံ (Saigon) မှာ မွေးဖွားခဲ့ပါတယ်။ ကျနော့် ဖခင်ကတော့ တောင်ဗီယက်နမ် (South Vietnam) မှာ တာဝန်ထမ်းဆောင်ရတဲ့ အမေရိကန် ရေတပ် က အရာရှိ တစ်ယောက်ပါ။ ကျနော်တို့ မောင်နှမ ၇ ယောက်မှာ ကျနော်က စတုတ္ထမြောက်ပါ။ ကျနော်တို့ မိသားစုတွေထဲက ကျနော်တစ်ယောက်ပဲ ကျနော့် အဖေနဲ့ အမေရိကန် ပြည်ထောင်စုကို လိုက်လာခဲ့တာပါ။ ကျနော့် အမေနဲ့ ကျနော့် မောင်နှမတွေတော့ ကျနော် အရင်နေခဲ့တဲ့ ဆိုင်ဂုံ မှာပဲ နေခဲ့ကြပါတယ်။ တစ်ခါတစ်ရံ တနင်္ဂနွေ လို နေ့မျိုးတွေမှာပေါ့ ... ကျနော်တို့ သားအဖ နှစ်ယောက် ဘုရားကျောင်းက ပြန်လာပြီဆိုရင် ကျနော်တို့ မိသားစုရဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန် ပြောဖြစ်ကြပါတယ်။ ကျနော့်မှာ ဆန္ဒ တစ်ခု ရှိပါတယ် .... အဲဒါက ကျနော့် မိသားစု၊ ကျနော့် အဖေ၊ ကျနော် တို့ရဲ့ အကြောင်းတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးပြီး ထုတ်ဝေချင်ပါတယ်။ သေချာတာ တစ်ခုက ခင်ဗျားဟာ ကျနော့်မိသားစု အကြောင်းတွေကို သိရတဲ့ ပထမဆုံးလူပါ။

1972 အတွင်းက အချိန်တွေကို လူတော်တော်များများက ပူပြင်းသော နွေရာသီ လများ လို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမြောက်ဆံတွေရယ်၊ တော်တော် များများ သေဆုံးသွားတဲ့ လူတွေကြောင့် မို့လို့ပါ။ အဲဒါတွေကတော့ ကျနော် အမှတ်မိဆုံး အဖြစ်အပျက်တွေပါ။ ကျနော် အသက် လေးနှစ်သားတုန်းက ကျနော်တို့ မိသားစုတွေ ဆိုင်ဂုံကနေ ဒါနန်း (Da Nang) ဆိုတဲ့ ဗီယက်နမ် အလယ်ပိုင်းက မြို့လေးကို ပြောင်းလာကြပါတယ်။ လာအို (Laos) နဲ့ အနောက်ခြမ်းက ရောက်လာမယ့် ဗီယက်ကောင်း (Viet Cong) တွေရဲ့ ရန်က စိုးရိမ်လို့ပါ။ သူတို့တွေက အမေရိကန် တပ်ဖွဲ့တွေဆိုရင် ဘယ်သူ့ကိုမှ အရှင်မထား ကြလို့ပါ။

ကျနော်တို့ နေထိုင်တဲ့ ဒါနန်း ရဲ့ တစ်ဖက်မှာ ပင်လယ်ပြင်ကြီး ရှိပါတယ်။ ကျနော့် အဖေ တိုက်ပွဲ ခန ခန ၀င်ရတဲ့ နေရာပေါ့ဗျာ။ ကျနော့် အဖေက ရေတပ် အရာရှိဆိုတော့ အားလုံးသိတဲ့ အတိုင်း PT boat လို့ခေါ်တဲ့ အသေးစား စစ်သင်္ဘောပေါ်မှာ အလုပ် လုပ်ရတာပေါ့ဗျာ။ သူဟာ ညတိုင်းညတိုင်း ပင်လယ်ပြင်ကို ကင်းလှည့် ထွက်ရပါတယ်။ သူ့ရဲ့ သင်္ဘောဟာလဲ အကြိမ်ကြိမ် အတိုက်ခိုက် ခံခဲ့ရတယ်။ အဖေ ရေနစ်ခဲ့တဲ့ အချိန်တွေ လည်း မနည်းခဲ့ပါဘူး။ ဒါပေမယ့် အဖေဟာ သေတွင်းဝပေါ်ကနေ လှည့်ပြန်ခဲ့ပါတယ်။

ကျနော်တို့ နေရာသစ်ကို ပြောင်းလာခဲ့ပေမယ့်လဲ ဗီယက်ကောင်းတွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနေရဆဲပါ။ တခါတရံမှာ ပင်လယ်ဘက်ကနေ လာတိုက်ကြတယ်၊ တခါတရံ တောင်တန်းတွေကနေ လာကြတယ်၊ သူတို့မှာ ဒီလောက် လူတော်တော်များများ ရှိမယ်ဆိုတာ ကျနော့်အတွက် တော်တော် အံ့သြစရာ ကောင်းပါတယ်။ ညတိုင်းလိုလိုပဲ ဗီယက်ကောင်းတွေဟာ ဗီယက်နမ် စစ်တပ်ကို အမြောက်ကြီးတွေနဲ့ တိုက်ခိုက်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေ ကြာလာသော်လဲ ကျနော်တို့ ဗုံးခိုကျင်းတွေမှာ ပြေးပြီး ပုန်းနေရဆဲပါ။ အစားအသောက်တွေကိုလဲ အဲဒီထဲမှာပဲ ချက်ပြုတ်ပြီး အဲဒီထဲမှာပဲ စားသောက်ကြပါတယ်။ ဗုံးသံတွေ စဲပြီဆိုရင် ကျနော်တို့ အိမ်တွေကို ပြန်ပြီး အိပ်ကြပါတယ်။ ဗုံးခိုကျင်းထဲ မှာ အိပ်ပျော်အောင် ကြိုးစား ရတာ အင်မတန် ခက်ခဲလွန်းပါတယ်။

ကျနော့် အမေကတော့ အချိန်တိုင်းလိုလို သက်တောင့်သက်သာ နေလို့ရအောင် စီစဉ်ပေးရှာပါတယ်။ သူမဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ကျနော့် အဖေနဲ့ လက်ထပ်ပြီးတဲ့ နောက်ပိုင်းတော့ အမေဟာ အဖေ ယုံကြည်တဲ့ ကက်သလစ် ဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့ပါတယ်။ ကျနော်တို့ဟာ မယ်တော် မာရီ ကို ယုံကြည်ကြပါတယ်။ ဗုံးခိုကျင်းထဲ မှာ နေသမျှ ကာလပါတ်လုံး ကျနော်တို့ဟာ မယ်တော်ဆီကိုပဲ တိုင်တည်ပြီး ဆုတောင်း ကြပါတယ်။ ကျနော်တို့ ဒုက္ခတွေ့နေချိန်တွေဆိုရင် မယ်တော် စောင်မလေ့ရှိပါတယ်။

ကျနော့် အဖေရဲ့ အရာရှိဆိုတဲ့ မျက်နှာနဲ့ တခြားသူတွေထက်စာရင် ကျနော်တို့ မိသားစုက တော်တော်လေး အခြေအနေကောင်းပါတယ်။ ကျနော်တို့ကို ကျောင်းသွား၊ ကျောင်းပြန် ကြိုပို့ မယ့်သူတွေ ရှိပါတယ်။ ကျနော်တို့မောင်နှမတွေ ပညာသင်ရတာက ကက်သလစ် ဘုရားကျောင်း တစ်ကျောင်းမှာပါ။ အဲဒီက အကြောင်းအရာတွေကိုတော့ သိပ်မမှတ်မိတော့ပါဘူး။ မှတ်မိသလောက်တော့ အဲဒီဘုရားကျောင်းလဲ အမြောက်ဆံတွေရဲ့ ဒဏ်ကြောင့် မြေပေါ်ကို ပြားပြားဝပ်ခဲ့ရပါတယ်။


ကျနော်တို့ နေတဲ့နေရာကို စိတ်ပျက်လာတဲ့ အမေဟာ ဆိုင်ဂုံကို ပြန်ဖို့ အဖေ့ကို တိုက်တွန်းပါတယ်။ ဒါပေမယ့် ဆိုင်ဂုံဟာ ဗီယက်ကောင်းတွေလက်ထဲကို ကျလိမ့်မယ်လို့ ယုံထားတဲ့ အဖေက အမေ့ရဲ့ အကြံကို လက်မခံ ပါဘူး။ အဲဒီအချိန်တုန်းက ဆိုင်ဂုံဆိုတာ ကျနော်တို့အတွက် အဆင်ပြေဆုံး နေရာပါ။ ကျနော်တို့ အိမ်လဲ ဆိုင်ဂုံ မှာ ရှိပါတယ်။ ကျနော့် အဖွား (အမေ့ရဲ့ အမေ)လဲ ဆိုင်ဂုံမှာ နေထိုင်ပါတယ်။ ဆိုင်ဂုံက တခြားကလေးတွေလဲ ကျောင်းကို ပုံမှန်တက်နေရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ကို ကျောင်းပုံမှန် တက်စေချင်တဲ့ အဖေဟာ ဆိုင်ဂုံကို ပြန်မယ့် အစီအစဉ်ကို သဘောတူလိုက်ပါတယ်။

ကျနော်တို့ ဒါနန်းကနေ 1975 မှာ ကျနော်တို့ ပိုင်ဆိုင်တာတွေ တချို့နဲ့ ပြောင်းကြပါတယ်။ ဒါပေမယ့် ပစ္စည်းတွေ ပါနေတဲ့အတွက် ကျနော်တို့ ခရီးသိပ်မတွင်လှပါဘူး။ တနေရာရောက်ရင် ပစ္စည်းနည်းနည်း ထားခဲ့လိုက်နဲ့ပဲ ခရီးဆက်ရပါတယ်။ ကျနော်တို့ ဆိုင်ဂုံကို သွားနေတဲ့ လမ်းတ၀က်လောက်မှာတော့ ကွန်မြူနစ် ဗီယက်ကောင်းတွေ ဒါနန်းကို သိမ်းပိုက်လိုက်ကြပါတယ်။ လူတော်တော်များများဟာ ဆိုင်ဂုံကို ထွက်ပြေး တိမ်းရှောင်ကြပါတယ်။ ဗီယက်ကောင်းတွေဟာ တောင်ဗီယက်နမ် တစ်ခုလုံးကို မသိမ်းပိုက်နိုင်သေးပေမယ့် သူတို့ တိုက်ခိုက်နေဆဲပါ။


ကွန်မြူနစ်တွေလက်ချက်နဲ့ လူတော်တော်များများ သေဆုံးကြပါတယ်။ တချို့တွေက သားသမီးတွေ ဆုံးရှုံး၊ တချို့က မိဘတွေ ဆုံးရှုံးနဲ့ အရာရာတိုင်းဟာ ငရဲလိုပါပဲ။ တချို့သူတွေတော့ ထိုင်းနိုင်ငံကို ထွက်ပြေး တချို့လဲ အမေရိကန် စစ်တပ်ကလူတွေရဲ့ အကူအညီနဲ့ အမေရိကန်ကို တိမ်းရှောင်ကြပါတယ်။ အဲဒီလူတွေကိုတွေ့ရရင် ကျနော်တို့ တော်တော် ကံကောင်းနေပါသေးလားလို့ ပြန်ပြီး ဖြေသိမ့်နေရပါတယ်။ ကျနော့်အဖေရဲ့ ရာထူးကြောင့် ဆိုတာကိုလဲ ကျနော် သဘောပေါက်ပါတယ်။ နောက်ထပ်တစ်ခုက ကျနော်တို့ ဆိုင်ဂုံကို သွားရာမှာ သင်္ဘောနဲ့ သွားခွင့်ရလို့ ကျနော်တို့ကို အမြဲတမ်း စောင်မ နေတဲ့ မယ်တော် မာရီကိုလဲ ပိုပြီး သက်ဝင်ယုံကြည်မိပါတယ်။

ကျနော်တို့ ဆိုင်ဂုံကိုရောက်တော့ အဖေဟာ ရေတပ်စခန်း ဌာနချုပ်ရဲ့ လက်ထောက် တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ရပါတယ်။ ဆိုင်ဂုံကိုရောက်ပြီး တစ်ပါတ်အကြာ၊ မှတ်မှတ်ရရ 1975 အေပရယ်လ် သုံးဆယ်ရက်နေ့မှာ ရေတပ်စခန်းကို ကွန်မြူနစ် ဗီယက်ကောင်းတွေ လာတိုက်ကြပါတယ်။ ကျနော်တို့ ရူးသွားမတတ် ကြောက်လန့်နေကြပါတယ်။ အဖေလဲ သူ့နေရာကနေ ကျနော်တို့ဆီကို လာလို့မရ၊ ကျနော်တို့လဲ အဖေ့ဆီကို သွားလို့မရနဲ့ ကျနော်တို့ မိသားစုတွေ တော်တော် အားငယ်ကြရပါတယ်။

ကွန်မြူနစ် ဗီယက်ကောင်းတွေကို ရှုံးနိမ့်တဲ့ အဖေတို့ရဲ့ တပ်တွေဟာ ထိုင်းနိုင်ငံကို ဆုတ်ခွာကြပါတယ်။ အဖေ ထိုင်းနိုင်ငံကိုရောက်တော့ သူ့ရဲ့ အထက်အရာရှိ အမေရိကန် တစ်ယောက်နဲ့ တွေ့ပါတယ်။ သူ့ဆီကနေ ဗီယက်နမ်ကို ပြန်လာဖို့ အဖေ ခွင့်တောင်းပါတယ်။ "ကျနော့် မိသားစုတွေ ဆိုင်ဂုံမှာ ကျန်ခဲ့တယ်။ ကွန်မြူနစ် ဗီယက်ကောင်းတွေ သူတို့ကို သတ်ပစ်ကြလိမ့်မယ်။ ကျနော် ဗီယက်နမ်ကို ပြန်မှ ဖြစ်မယ်။" အဖေ့ရဲ့ ခွင့်တောင်းမှုကို သူ့ရဲ့ အထက် အရာရှိက ခွင့်မပြုခဲ့ပါဘူး။ "မင်း အမေရိကန်ကို သွားရမယ်။ ဆိုင်ဂုံကို ပြန်ရင် မင်း အသတ်ခံရလိမ့်မယ်။" ခွင့်ပြုချက်မရခဲ့တဲ့ အဖေဟာ ကျနော်တို့ဆီကို ဖြစ်တဲ့နည်းနဲ့ လာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အရင်ဆုံး သူ့ရဲ့ စစ်ဝတ်စစ်စားတွေကို အရပ်ဝတ်နဲ့ ပြောင်းလဲ ၀တ်ဆင်လိုက်တယ်။ ပြီးတော့ သင်္ဘောပေါ်က ရေနွေးငွေ့အိုးရဲ့ အောက်မှာ ၀င်ပုန်းနေပါတယ်။ တခြား အရာရှိတွေ အဖေ့ကို ၀ိုင်းရှာကြတာပေါ့။ မတွေ့တဲ့ အဆုံးတော့ သူတို့ လက်လျှော့ပြီး သူတို့ဘာသာပဲ ဆက်သွားလိုက်ကြပါတယ်။

သူတို့ သွားပြီဆိုတာနဲ့ အဖေဟာ ကျနော်တို့ဆီကို ပြန်လာပါတယ်။ အဲဒီတုန်းက အဖေ့စိတ်ထဲမှာ တစ်ခုပဲ ရှိပါတယ်တဲ့။ "တစ်ကယ်လို့ ငါ့မိသားစုတွေ သေဆုံးကုန်မယ် ဆိုရင်၊ ငါလဲ အတူတူလိုက်သေမယ်၊ ဘယ်တော့မှ မခွဲဘူး။"


/Janet Bode ရေးသားတဲ့ New Kids in Town စာအုပ်မှ အပိုင်းလေး တစ်ပိုင်းကို
တတ်သလောက်လေး ဘာသာပြန်ထားတာပါ။ ကျန်ရှိနေတဲ့ အပိုင်းလေးတွေကိုလဲ
စောင့်မျှော်ပေးကြပါဦးလို့ ..... /

4 comments:

ဂျစ် said...

ဖတ်လို့ ကောင်းတုန်း ဆက်ရန်ဖြစ်သွားတယ်။

အာပေးလျှက်ပါ....ဆက်ရေးပါအုံး။

လေးစားစွာဖြင့်
ဂျစ်တူးလေး

ဝက်ဝံလေး said...

အယ် မမလေးရယ် နာက နင့်ရဲ့ တကယ့်အဖြစ်များလားလို့ဟာ နင်ကလဲ တော်တာ ရေးတာ ဆက်လုပ် မျှော်နေမယ်နော်

ဘိုင်

Lucifer said...

ဘာဘဲးဖြစ်ဖြစ် ဆက်ရေးဟာ.. မမီးဖတ်နေရင်းအဆက်ပျက်သွားပြီ....

maylay said...

မောင်လေးက တော်လိုက်တာ ဆက်ရေးနော် ဆက်ဖတ်ဖို့စောင့်နေမယ်။ အဲဒီထဲ တကယ်များရောက်သွားသလားလို့.... နောက်မှ ....

ခင်တဲ့ maylay